
ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ခေါင်းဆောင် တာရစ်ရာမန်ဟာ ဖေဖော်ဝါရီ ၁၇ ရက်မှာ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းကျိန်လိုက်ပါတယ်။
အသက် ၆၀ အရွယ် ရာမန်ရဲ့ မိခင်ဟာ ဝန်ကြီးချုပ်ဟောင်း ခါလီဒါဇီယာ ဖြစ်ပြီး ဖခင်ကတော့ လုပ်ကြံခံခဲ့ရတဲ့ သမ္မတဟောင်း ဗိုလ်ချုပ်ကြီး ဇီယာအော်ရာမန် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ရှိတ်ခ်ဟာဆီနာအစိုးရကို ဖြုတ်ချနိုင်ခဲ့တဲ့ လူထုအုံကြွမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် သူ့ရဲ့ BNP ပါတီဟာ ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်နေရာ သုံးပုံနှစ်ပုံအထိ တောင်ပြိုကမ်းပြို အနိုင်ရခဲ့တာပါ။
ဝန်ကြီးချုပ်သစ်ဟာ နိုင်ငံရေးတည်ငြိမ်မှု ပြန်လည်ရယူဖို့၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှု တည်ဆောက်ဖို့နဲ့ အထည်ချုပ်လုပ်ငန်းလို အဓိကကဏ္ဍတွေ ပြန်လည်ဦးမော့လာဖို့ စတဲ့ အရေးတကြီး စိန်ခေါ်မှုတွေကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ထုံးစံအတိုင်းမဟုတ်ဘဲ လွှတ်တော်အဆောက်အအုံမှာ ပြုလုပ်ခဲ့တဲ့ ဒီကျမ်းကျိန်ပွဲကို သမ္မတ မိုဟာမက် ရှာဟာဘူဒင်က ကြီးမှူးကျင်းပပေးခဲ့ပြီး ဝန်ကြီး ၄၉ ယောက် ပါဝင်တဲ့ အစိုးရအဖွဲ့သစ်လည်း ကျမ်းကျိန်ခဲ့ပါတယ်။
အတိုက်အခံအဖြစ် ရပ်တည်မဲ့ ဂျမာအီအစ္စလာမီပါတီနဲ့ အမျိုးသားနိုင်ငံသားပါတီ (NCP) တို့ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးကောင်စီအောက်မှာ ထပ်တိုးကျမ်းကျိန်ရမဲ့ကိစ္စကို သဘောထားကွဲလွဲကာ ဒီအခမ်းအနားကို သပိတ်မှောက်ခဲ့ကြပါတယ်။
ဝန်ကြီးချုပ် ရာမန်ဟာ လန်ဒန်မှာ ၁၇ နှစ်ကြာ တိမ်းရှောင်နေထိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ်ကမှ ဘင်္ဂလားဒေ့ရှ်ကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲအပြီး ပထမဆုံးမိန့်ခွန်းမှာတော့ “ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်လိုအခြေအနေမျိုးမှာမဆို ထိန်းသိမ်းသွားမှာဖြစ်ပြီး ဘယ်လိုပရမ်းပတာလုပ်ရပ်မျိုးကိုမှ သည်းခံမှာမဟုတ်ဘူး” လို့ ပြောထားပါတယ်။
Source: Reuters


