
ဧရာဝတီတိုင်း၊ ပုသိမ်ဆိပ်ကမ်းကနေ မြတ်မော်တင်စွန်းစေတီ ဘုရားပွဲကို ပြေးဆွဲနေတဲ့ ဘုရားဖူးရေယာဉ်ကို လေးခွနဲ့ ပစ်ခတ်တယ်ဆိုပြီး အမျိုးသမီးတွေ အပါအဝင် အရပ်သား ၇ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်က အရပ်သားတွေဖြစ်တဲ့ ချမ်းကို၊ နှင်းဝေဦး၊ မျိုးသက်နိုင်၊ ဝါဝါစန်း၊ ချစ်ပိုင်ဖြိုး၊ ယုယုမွန်၊ အောင်သက်ပိုင် စတဲ့ အရပ်သား ၇ ယောက်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “ပစ်ခတ်ခံရတာက ရွှေစင်ကြယ် ဘုရားဖူးယာဉ်ပါ။ ပုသိမ်ကနေ မြတ်မော်တင်စွန်း ဘုရားပွဲကို ထွက်လာတဲ့အချိန် ပစ်ခတ်ခံရတာလို့ သိရတယ်။ လေးခွနဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်မှာ ပါဝင်သူတွေဆိုပြီး ရဲကဖမ်းတာ” လို့ ပြောပါတယ်။
အဲဒီ ဘုရားဖူးရေယာဉ်ဟာ ဖေဖော်ဝါရီ ၁၆ ရက် ည ၈ နာရီကျော်က လေးခွနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး အဖမ်းခံရတဲ့သူတွေဟာ ငါးသလောက်ပိုက်ထောင်နေတဲ့ ပုသိမ်မြို့နယ်၊ ဝဲဒေါင့်ကျေးရွာက အရပ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။
အဖမ်းခံရတဲ့သူတွေနဲ့ နီးစပ်သူတယောက်က “ငါးသလောက်ပိုက်ကို သင်္ဘောက ဝင်တိုးတာကြောင့် ပိုက်သမားတွေက ပိုက်တွေစုတ်ပြဲကုန်လို့ သင်္ဘောကို လေးခွနဲ့ပစ်တာလို့ သိရတယ်။ လေးခွနဲ့ စပစ်ခတ်တာက ၂ ယောက်တည်းပါ။ အဖမ်းခံရတော့ ပိုက်ချနေတဲ့သူတွေ အားလုံး ၇ ယောက်ပါ” လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးမိတဲ့ အရပ်သားတွေကို ပုသိမ်မြို့နယ်၊ သင်္ဘောကျင်းနယ်မြေ ရဲစခန်းမှာ ငါးမဖမ်းရ သတ်မှတ်ထားတဲ့ကာလ ငါးဖမ်းဆီးမှု အပါအဝင် အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။


