
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်ထဲက မြန်မာဒုက္ခသည်တွေအတွက် ကျန်းမာရေး ဝန်ဆောင်မှုတွေ ပိုမိုအားကောင်းလာစေဖို့ ထိုင်းနိုင်ငံကို ရန််ပုံငွေ ထောက်ပံ့ကူညီပေးသွားမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
"တာ့ခ်ခရိုင်ရှိ မြန်မာနေရပ်စွန့်ခွာသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ အားကောင်းစေရေးစီမံကိန်း" နားလည်မှုစာချွန်လွှာကိုတော့ ဖေဖော် ဝါရီ ၁၇ ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ အိုတာခါ မာဆာတိုနဲ့ ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကိုယ်စားလှယ် ဒေါက်တာ အိုင်လန်လီတို့က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဂျပန်ယန်းငွေ သန်း ၄၅၀ ကျော်ထိ ထောက်ပံ့ပေးအပ်သွားမယ့် ဒီစီမံကိန်းမှာတော့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လေ့ကျင့်ရေးစင်တာတွေ၊ တာ့ခ်ခရိုင်နယ်စပ်က နေရပ်စွန့်ခွာသူတွေအတွက် ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေ ပြုပြင်မွမ်းမံတာ၊ လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ ကိရိယာတန်ဆာပလာတွေ ထောက်ပံ့တာ၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်တာတွေ ပါဝင်မယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ခုလို ပူးပေါင်းဆောင်ရွက်မှုကတဆင့် နေရပ်စွန့်ခွာသူတွေကို လက်ခံထားတဲ့ လူထုအတွင်း ကျန်းမာရေးစနစ်တွေ အားကောင်းလာစေခြင်းအားဖြင့် သင့်တော်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးနိုင်မှာဖြစ်သလို ဒေသတွင်း တည်ငြိမ်ရေးကို အထောက်အကူ ပြုနိုင်မယ်လို့့ မျှော်လင့်ရကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်က အမေရိကန်နိုင်ငံမှာ ဒေါ်နယ်ထရမ့်ပ် သမ္မတဖြစ်လာပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အမေရိကန်ရဲ့ အကြီးမားဆုံး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ USAID အထောက်အပံ့ ၈၃ ရာခိုင်နှုန်းကို ရပ်ဆိုင်းလိုက်ရာမှာ ထိုင်း-မြန်မာနယ်စပ်တလျှောက် မြန်မာဘက်က ဒုက္ခသည် ၁ သိန်းကျော်ကို နှစ်ပေါင်း ၃၀ ကျော် ၄၀ ကြာစောင့်ရှောက်လာခဲ့တဲ့ ဒုက္ခသည်စခန်းတွေမှာ အထောက်အပံ့မဲ့၊ စခန်းတွင်း ဆေးရုံတွေ ပိတ်ပစ်ရတာတွေ၊ စားနပ်ရိက္ခာ လက်ကျန်ပြတ်လပ်လု အနေအထားတွေအထိ ရင်ဆိုင်ခဲ့ရတာပါ။
ဒီအခြေအနေကြောင့် ထိုင်းနိုင်ငံ ယာယီခိုလှုံရာစခန်းတွေထဲက နေရပ်စွန့်ခွာသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေးကော်မတီ (IRC) အတွက် ရန်ပုံငွေတွေကိုလည်း တစိတ်တပိုင်း ရပ်ဆိုင်းခဲ့ရသလို သက်တမ်းတိုးခြင်း မပြုလုပ်ပါက ထောက်ပံ့မှုအားလုံးဟာ အခုနှစ် မတ် ၃၁ ရက်မှာ ကုန်ဆုံးမယ်လို့ သိရပါတယ်။
ထိုင်း-မြန်မာနယ်စပ် ခရိုင် ၄ ခုမှာတော့ နေရပ်စွန့်ခွာသူတွေအတွက် ယာယီခိုလှုံရာ စခန်း ၇ ခု ရှိပြီး အဲဒီထဲမှာ ထဆောင်ယန်းခရိုင်ထဲက မယ်လဒုက္ခသည်စခန်းက အကြီးဆုံးစခန်းဖြစ်ကာ စခန်းတွေထဲ စုစုပေါင်း ဒုက္ခသည် ၈၁,၃၆၃ ယောက် နီးပါးရှိပြီး တာ့ခ်ခရိုင်မှာ ၄၈,၆၂၆ ယောက်နဲ့ အများဆုံး လက်ခံထားတယ်လို့ သိရပါတယ်။
ဒါ့ပေမဲ့ တာ့ခ်ခရိုင်ထဲမှာ စခန်းတွေအတွင်းရှိသူတွေအပြင် ထိုင်းနိုင်ငံသား မဟုတ်သူ အများအပြားလည်း နေထိုင်ကြသလို ခရိုင်အတွင်း နိုင်ငံခြားသား ၄၂၆,၇၂၅ ယောက်လောက် နေထိုင်နေပြီး ဒါက တာ့ခ်ခရိုင် စုစုပေါင်းလူဦးရေရဲ့ ၄၄ ရာခိုင်နှုန်းနီးပါး ဖြစ်တယ်လို့ ဆိုပါတယ်။


