
စပိန်အစိုးရဟာ X၊ Meta နဲ့ TikTok လူမှုမီဒီယာတွေမှာ ဉာဏ်ရည်တု AI ကို အသုံးပြု ဖန်တီးထားတဲ့ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု အချက်အလက်တွေ ပျံ့နှံ့နေမှုအပေါ် စုံစမ်းစစ်ဆေးဖို့ တရားလိုရှေ့နေတွေကို အမိန့်ပေးခဲ့ကြောင်း ဝန်ကြီးချုပ် ပေဒရို ဆန်းချက်ဇ်က ဖေဖော်ဝါရီ ၁၇ ရက်မှာ ပြောပါတယ်။
ဥရောပဒေသတွင်း စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့တွေက နည်းပညာကုမ္ပဏီကြီးတွေအပေါ် တင်းကျပ်မှုတွေ တိုးမြှင့်လာနေချိန်မှာ ဒီကြေညာချက် ထွက်ပေါ်လာတာပါ။
ဒစ်ဂျစ်တယ်ကြော်ငြာကဏ္ဍမှာ မတရား ယှဉ်ပြိုင်မှုတွေ၊ လူမှုကွန်ရက်တွေမှာ လူငယ်တွေကို စွဲလမ်းစေမဲ့ ဒီဇိုင်းတွေကို တမင်အသုံးပြုတာနဲ့ အကြမ်းဖက်မှု သို့မဟုတ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုဆိုင်ရာ အကြောင်းအရာတွေ ပျံ့နှံ့နေခြင်းတို့ကြောင့် ဥရောပ စည်းမျဉ်းထိန်းချုပ်ရေး အဖွဲ့တွေက စောင့်ကြည့်ကန့်သတ်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဆန်းချက်ဇ်က “ဒီပလက်ဖောင်းတွေဟာ ကျနော်တို့ ကလေးတွေရဲ့ စိတ်ကျန်းမာရေး၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို ထိခိုက်စေပါတယ်။ နိုင်ငံတော်အနေနဲ့ ဒါကို ခွင့်မပြုနိုင်သလို ဒီကုမ္ပဏီကြီးတွေရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာကိုလည်း အဆုံးသတ်ရပါမယ်” လို့ သူ့ရဲ့ X အကောင့်မှာ ရေးပါတယ်။
စပိန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာဝန်ကြီး အယ်လ်မာ ဆိုက်ဇ်က ရက်ပေါင်း ၁၁ ရက် အတွင်းမှာတင် AI နဲ့ ဖန်တီးထားတဲ့ အဝတ်မဲ့ပုံပေါင်း ၃ သန်းလောက် ရှိခဲ့ပြီး အဲဒီထဲက အများစုဟာ ကလေးသူငယ်တွေ ဖြစ်နေတယ်လို့ ပြောပါတယ်။
အခုကစပြီး တရားစီရင်ရေးဝန်ကြီးဌာနအနေနဲ့ ဒီလို ဒစ်ဂျစ်တယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စုံစမ်းစစ်ဆေးပြီး လိုအပ်ရင် တရားစွဲဆိုဖို့ ရှေ့နေချုပ်ရုံးကို တောင်းဆိုသွားမယ်လို့လည်း ဆိုပါတယ်။
အဲဒီကုမ္ပဏီတွေက မှတ်ချက်ပေးဖို့ အီးမေးလ်နဲ့ တောင်းဆိုမှုတွေကို ချက်ချင်း တုံ့ပြန်ချက် မပေးသေးပါဘူး။
အီလွန်မတ်စ်ခ်ရဲ့ xAI chatbot (Grok) က ထွက်ပေါ်လာတဲ့ ညစ်ညမ်းပုံရိပ်တွေနဲ့ ပတ်သက်ပြီး စပိန်နိုင်ငံတခုတည်း စုံစမ်းစစ်ဆေးနေတာ မဟုတ်ဘဲ ကမ္ဘာတဝန်းရှိ အစိုးရတွေကလည်း အခုလို တရားမဝင် အကြောင်းအရာတွေကို ထိန်းချုပ်ဖို့ ပိတ်ပင်မှုတွေနဲ့ ကာကွယ်ရေးဆိုင်ရာ တောင်းဆိုမှုတွေကို ပြုလုပ်နေကြပါတယ်။
အခုလအစောပိုင်းကလည်း ဝန်ကြီးချုပ် ဆန်းချက်ဇ်ဟာ အသက် ၁၆ နှစ်အောက် ကလေးငယ်တွေကို လူမှုကွန်ရက် အသုံးပြုမှုကို ပိတ်ပင်ဖို့ အဆိုပြုတာ အပါအဝင် အွန်လိုင်းအလွဲသုံးစားမှုတွေက ကာကွယ်ဖို့ နည်းလမ်းတချို့ကို ကြေညာခဲ့ပါတယ်။
Source: Reuters


