
ဖျော်ဖြေပွဲစင်မြင့်ထက်ကနေ ပရိသတ်တွေကို ပြောခဲ့တဲ့ စကားတွေကြောင့် အဆိုတော် J Fire ဝေဖန်ခံနေရပါတယ်။
သူ့ရဲ့ လူမှုကွန်ရက်မှာ ဖော်ပြထားချက်အရ ဧရာဝတီတိုင်းထဲက ဖျော်ဖြေပွဲတခုရဲ့ စင်မြင့်ထက်မှာ ပရိသတ်ကိုပြောခဲ့တဲ့ စကားတွေကြောင့် ဝေဖန်ခံနေရတာဖြစ်ပြီး သူ့သီချင်းတွေကို ချစ်တဲ့ ပရိသတ်တွေကပါ လူမှုရေးပြစ်ဒဏ်တွေခတ်ဖို့ တိုက်တွန်းနေကြပါတယ်။
နိုဝင်ဘာ ၁ ရက်က ပျံ့နှံ့လာခဲ့တဲ့ ဗီဒီယိုဖိုင်မှာတော့ အဆိုတော် J Fire က “ဒီခေတ်ဒီခါလို ဒီလို ပျက်ကပ်ကာလ ဒီလောက်ရှုပ်ထွေးနေတဲ့ နိုင်ငံရေးမှာ ကိုယ်က အနုပညာသမားတယောက် အနေနဲ့ ကိုယ့်မိဘ ကိုယ့်မိတ်ဆွေတွေကို ဘယ်လိုဆက်ပြီး စောင့်ရှောက်ရမလဲဆိုတာ ဉာဏ်နဲ့ စဉ်းစားတတ်ပါတယ်။ မိမိကို မထိခိုက်အောင်နေပါ။ အဲဒါမှပဲ မိမိ မိဘကို မထိခိုက်အောင် လုပ်ကျွေးနိုင်ပါလိမ့်မယ်၊ မိမိပတ်ဝန်းကျင်ကို မထိခိုက်အောင် လုပ်ကျွေးနိုင်ပါလိမ့်မယ်၊ နောက်ဆုံးမှာ မိမိနိုင်ငံကို ပြောင်းလဲနိုင်ပါလိမ့်မယ်။ အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် မထိခိုက်အောင် စောင့်ရှောက်ပါ” လို့ ပြောဆိုခဲ့တာပါ။
နိုင်ငံကျော်အဆိုတော်တယောက် အနေနဲ့ ဖျော်ဖြေပွဲစင်မြင့်ထက်မှာ အခုလိုပြောဆိုတာဟာ ပြည်သူတွေ နေ့စဉ် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ ကြုံနေရတဲ့ ဒုက္ခတွေကို လျစ်လျူရှုပြီး ပြည်သူကို စိန်ခေါ်နေတာလို့ စစ်တပ်ကိုထောက်ကူပြုနေတဲ့ အနုပညာရှင်တွေကို လူမှုရေးပြစ်ဒဏ် ခတ်ဖို့ တိုက်တွန်းနှိုးဆော်နေတဲ့ Fncc Burma Fact Check Community က ပြောပါတယ်။
FNCC Burma က “နိုင်ငံရေးကို မဆိုင်သလိုနေဖို့၊ တကိုယ်ရေစာ လွတ်မြောက်ဖို့၊ ကိုယ့်မိသားစု အဆင်ပြေဖို့ဆိုပြီး ပြောတာကြီးက လူစိတ်ရှိတဲ့သူတယောက်က ပြောရမယ့်စကား မဟုတ်ပါဘူး။ နောက်တချက်က ဒီလိုကာလမှာ Boycott လုပ်လည်း ငါတို့က ငါတို့ကို အားပေးတဲ့သူတွေ ရှိနေသေးတဲ့အတွက် မင်းတို့ပြည်သူတွေ Boycott လုပ်လည်း ငါတို့က ဘာမှမဖြစ်ဘူး ဆိုတဲ့ ပုံစံနဲ့ ပြည်သူကို ရင့်ရင့်သီးသီး စိန်ခေါ်တယ်လို့ပဲ မြင်တယ်။ ပြည်သူအားပေးလို့ ပြည်သူရှိနေလို့ ရပ်တည်လို့ရနေတဲ့သူတွေက ပြည်သူကို ပြန်စော်ကားတာဟာ လုံး၀ခွင့်လွှတ်ပေးနိုင်စရာ လုပ်ရပ်မဟုတ်ပါဘူး” လို့ ပြောပါတယ်။
J Fire ပရိသတ်တယောက်ကလည်း “သူ့ကို အရမ်းအားပေးခဲ့တာပါ။ ကိုယ်အားပေးတဲ့ အနုပညာရှင်တယောက် အနေနဲ့ ဒီလိုစကားမျိုးတွေ ပြောထွက်တာ အံ့ဩတယ်။ စစ်ကောင်စီက နေ့တိုင်းဗုံးကြဲပြီး ပြည်သူတွေကို သတ်ဖြတ်နေတာကို မသိကျိုးကျွန်ပြုတဲ့ အတ္တသမားလို့ မြင်ပါတယ်။ ဒီလိုလူမျိုးတွေကို Boycott လုပ်သင့်ပါတယ်” လို့ ပြောပါတယ်။
အဆိုတော် J Fire ကို လူမှုရေးပြစ်ဒဏ်ခတ်ဖို့ FNCC Burma က ထပ်မံတိုက်တွန်းပါတယ်။
“ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ အခြေအနေတွေကို ပြည်တွင်းမှာရှိနေတဲ့ အဆိုတော်တယောက် အနေနဲ့ သူရဲ့ စား၀တ်နေရေးအတွက် ထုတ်မပြောရဲတဲ့ အခြေအနေကို လူထုက နားလည်ပေးထားသေးတာပဲဗျာ။ ဒီလိုအခြေအနေမှာ ဒီစကားကို ဒီလိုပြောတာကတော့ ပြည်သူလူထုရဲ့ အင်အားကို သွေးတိုးစမ်းတဲ့ ဖက်ဆစ်တပ်နဲ့ ဘာမှသိပ်မခြားနားတဲ့ လုပ်ရပ်ပါပဲ။ ဒါကြောင့် ပြင်းပြင်းထန်ထန် Social Punishment လုပ်ကိုလုပ်ရမယ့် လုပ်ရပ်ပါ။”
အဆိုတော် J Fire က ၂၀၁၆ မှာထွက်ရှိခဲ့တဲ့ မန္တလေးတပင်ရွှေထီး တေးအယ်လ်ဘမ်နဲ့ ပရိသတ်အခိုင်အမာ ရရှိလာခဲ့ပြီး ထူးခြားတဲ့ Rap ရွတ်ဟန်နဲ့ တေးသီချင်းကြောင့် အောင်မြင်လာခဲ့တဲ့ အဆိုတော်တယောက်လည်း ဖြစ်ပါတယ်။


