Home
မြန်မာသတင်း
ကမ္ဘာ့ရွှေဈေး ပြန်အေး၊ ပြည်တွင်းရွှေဈေး ကျပ် ၁၀၅ သိန်းဝန်းကျင်ကို ပြန်ကျ
DVB
·
February 16, 2026

ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းရွှေဈေးတွေ ဖေဖော်ဝါရီ ၁၆ ရက် ဒီနေ့မှာတော့ အနည်းငယ် ပြန်အေးသွားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ကမ္ဘာ့ရွှေဈေးဟာ ၁ အောင်စကို ဒေါ်လာ ၅,၀၄၀ ကျော်အထိ တက်သွားခဲ့ပေမဲ့ ဒီနေ့မှာတော့ ဒေါ်လာ ၅,၀၀၀ ဝန်းကျင်ကို ပြန်ကျလာတာကို တွေ့ရပါတယ်။

ပြည်တွင်းမှာလည်း မနေ့က အခေါက်ရွှေ ၁ ကျပ်သားကို ကျပ်  ၁၀၆ သိန်းကျော်အထိ ရှိခဲ့ရာကနေ ဒီနေ့မှာတော့ ကျပ် ၁၀၅ သိန်းဝန်းကျင်လောက်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။

ဒါပေမဲ့ ကမ္ဘာ့နိုင်ငံရေး ပဋိပက္ခတွေ၊ နိုင်ငံတချို့ရဲ့ ဗဟိုဘဏ်တွေ ရွှေကို ဆက်ဝယ်နေကြတာတွေကြောင့် ကမ္ဘာ့ရွှေဈေးဟာ ရေရှည်မှာတော့ ခိုင်မာနေနိုင်သေးတယ်လို့ သုံးသပ်ချက်တွေ ထွက်နေပါတယ်။

မြန်မာ့ရွှေစျေးကွက်ကတော့ စစ်ကောင်စီရဲ့ ဈေးနှုန်းထိန်းချုပ်မှု၊ သတ်မှတ်ရည်ညွှန်းစျေးနဲ့ ပြင်ပစျေး ကွာဟချက် များလွန်းမှုတွေကြောင့် ဈေးကွက်မတည်မငြိမ် ဖြစ်နေပြီး ဆိုင်အများစုက အရောင်းအဝယ်တွေ ရပ်ထားကြတယ်လို့ ရွှေစျေးကွက်အတွင်းက သိရပါတယ်။

ဓာတ်သတ္တု(ရွှေ) ရည်ညွှန်းစျေးသတ်မှတ်ရေးကော်မတီက ဖေဖော်ဝါရီ ၁၆ ရက် အတွက် ထုတ်ပြန်ထားတဲ့ သတ်မှတ်ရွှေစျေးနှုန်းက အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၆၉ သိန်း ဖြစ်ပါတယ်။

ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်းက အခေါက်ရွှေတကျပ်သားကို ရောင်းဈေး ၁၀,၅၀၀,၀၀၀ ကျပ်၊ ၁၅ ပဲရည် တကျပ်သားကို ရောင်းဈေး ကျပ် ၉,၈၈၀,၀၀၀  ရှိတယ်လို့ သိရပါတယ်။

အဲဒါကြောင့် သတ်မှတ်ထားတဲ့ ရည်ညွှန်းစျေးနဲ့ ပြင်ပမှာ တကယ်အရောင်းအဝယ်ဖြစ်နေတဲ့ စျေးနှုန်းဟာ ကျပ် ၃၆ သိန်း ဝန်းကျင်အထိ ကွာဟနေပါတယ်။

ဆိုင်တွေဘက်ကလည်း ရည်ညွှန်းဈေးအတိုင်း ရောင်းရမယ်ဆိုတဲ့ ဖိအားရှိပေမဲ့ တကယ်ရောင်းတဲ့အခါမှာ လက်ခ၊ အလျော့တွက် စတာတွေကို တိုးပြီး တောင်းခံတာတွေ ရှိနေတယ်လို့ ဝယ်ယူသူတွေက ပြောပါတယ်။ ဒါကြောင့် ဝယ်ယူသူတွေဘက်မှာ စျေးကွာဟချက်ဒဏ်ကို ဆက်ခံနေရဆဲ ဖြစ်ပါတယ်။

ရွှေဝယ်ယူသူတယောက်က “အစိုးရဈေးနဲ့ အရောင်းအဝယ်လုပ်တယ် ပြောပြီး အလျော့တွက် လက်ခမှာ မတရားတင်ရောင်းကြတော့ ဝယ်သူပဲ နစ်နာရတာ” လို့ ပြောပါတယ်။

နောက်တဖက်မှာတော့ စျေးကစားမှုတွေကို တားဆီးဖို့ဆိုပြီး ရန်ကုန်ရွှေအသင်းထဲက ထိပ်ပိုင်း ခေါင်းဆောင်တချို့ကို ဖမ်းဆီးအရေးယူတာတွေ လုပ်ခဲ့ပြီးနောက် အခေါက်ရွှေ အရောင်းအဝယ်တွေ သိသိသာသာ ငြိမ်သက်သွားတယ်လို့ သိရပါတယ်။ တချို့ဆိုင်တွေမှာဆိုရင် အရောင်းအဝယ်ကို ယာယီရပ်ထားတာတွေလည်း ရှိနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013