
ကမ္ဘာ့ရွှေဈေးဟာ သမိုင်းတလျှောက် စံချိန်တင် အမြင့်ဆုံးတက်ခဲ့ပြီးနောက် ရုတ်တရက် ပြန်ကျလာချိန်မှာ စစ်ကောင်စီ ဩဇာခံ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဟာ ရွှေရည်ညွှန်းဈေးကို ယခင်က အခေါက်ရွှေ တကျပ်သားကို ၆၁ သိန်း သတ်မှတ်ခဲ့ရာကနေ ဇန်နဝါရီ ၃၁ ရက်မှာ တကျပ်သားကို ၆၉ သိန်း တိုးမြှင့် သတ်မှတ် လိုက်ပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်မှာ ရွှေဈေးဟာ ၂၀၂၄ ခုနှစ်ကစပြီး တရိပ်ရိပ် တက်လာခဲ့ရာကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၉ ရက်မှာ ရွှေတအောင်စကို အမေရိကန်ဒေါ်လာ ၅,၆၀၀ အထိ အမြင့်ဆုံး စံချိန်တင် တက်ခဲ့ပါတယ်။
အဲဒီနောက် ရုတ်တက်ရက် ပြန်ကျလာခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက်မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၄,၈၉၃ အထိ ပြန်ကျလာခဲ့ပါတယ်။
အလားတူ ပြည်တွင်းရွှေဈေးဟာလည်း ပြင်ပဈေးကွက်မှာ ဇန်နဝါရီ ၂၉ ရက်နေ့မှာ တကျပ်သားကို ကျပ် ၁၁၈ သိန်း အထိ မြင့်တက်ခဲ့ရာကနေ ဖေဖော်ဝါရီ ၁ ရက်မှာ ၁၀၆ သိန်းအထိ ၁၂ သိန်းကျပ် ပြန်ကျလာခဲ့ပါတယ်။
တဘက်မှာ ကမ္ဘာ့ရွှေဈေး ပြည်တွင်း ရွှေဈေး ဆက်တိုက် မြင့်တက်ချိန်မှာ ရွှေလုပ်ငန်းရှင်များအသင်းဟာ ရွှေရည်ညွှန်းဈေးကို ၂၀၂၅ ခုနှစ် တနှစ်လုံး ကျပ် ၅၄ သိန်းကနေ သိန်း ၆၀ ကြားမှာပဲ သတ်မှတ်ခဲ့ရာကနေ ကမ္ဘာ့ရွှေဈေး ပြန်ကျချိန် အခုလို ကျပ် ၈ သိန်း တိုးမြှင့်သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
ဒီလို တိုးမြှင့် သတ်မှတ်ပေမဲ့ ပြင်ပဈေးကွက်အတွင်းက ရွှေဈေးနဲ့ နှိုင်းယှဉ်ရင်တော့ ရွှေအသင်းရဲ့ ရည်ညွှန်းဈေးဟာ ကျပ် ၃၇ သိန်း ကွာဟနေပါတယ်။ ဒါပေမဲ့ ရွှေဆိုင်တွေကတော့ ရွှေအသင်းရဲ့ ရည်ညွှန်းဈေးနဲ့ ရောင်းချကြတာ မရှိပါဘူး။
ကမ္ဘာ့ရွှေဈေးမှာ ပြန်ကျရတဲ့ အဓိက အကြောင်းအရင်းကတော့ ရင်းနှီးမြှုပ်နှံသူတွေဟာ အမြတ်အစွန်းများများရချိန် ရွှေတွေကို ပြန်ထုတ်ရောင်းကြတာကြောင့်ဖြစ်ပါတယ်။
ဒါ့အပြင် အမေရိကန် သမ္မတထရမ့်ပ်က အမေရိကန်ဗဟိုဘဏ် ဥက္ကဋ္ဌ အမည်စာရင်း တင်သွင်းတာကြောင့် ဥက္ကဋ္ဌသစ်ဟာ အတိုးနှုန်း လျှော့ချဖွယ်မရှိတာအပြင် ဒေါ်လာဈေးကလည်း အနည်းငယ် ပြန်မာလာတာကြောင့် ဖြစ်တယ်လို့ ဈေးကွက်လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။


