
ပထဝီနိုင်ငံရေးနဲ့ စီးပွားရေး မရေရာမှုတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက စိတ်ချရတဲ့ ရွှေကို အဝယ်လိုက်နေတာကြောင့် ကမ္ဘာ့ရွှေစျေးဟာ ဇန်နဝါရီ ၂၉ ရက်မှာ တအောင်စကို ဒေါ်လာ ၅,၆၀၀ နီးပါးအထိ ထပ်မံမြင့်တက်သွားသလို ငွေသတ္တုစျေးကလည်း တအောင်စကို ဒေါ်လာ ၁၂၀ နီးပါးအထိ စံချိန်သစ် တင်ခဲ့ပါတယ်။
ဇန်နဝါရီ ၂၆ ရက်က ရွှေစျေးဟာ သမိုင်းတလျှောက် ပထမဆုံးအကြိမ် တအောင်စကို ဒေါ်လာ ၅,၀၀၀ အထိ ရောက်ခဲ့ပြီးနောက် ဒီတပတ်ထဲ ၁၀ ရာခိုင်နှုန်းလောက် ဆက်တက်လာခဲ့တာ ဖြစ်ပါတယ်။
Marex ရဲ့ ကျွမ်းကျင်သူ အက်ဒဝပ် မိုင်ယာက “အမေရိကန်ရဲ့ ကြွေးမြီတွေ များလာတာနဲ့ ကမ္ဘာ့ကုန်သွယ်ရေးစနစ် အပြောင်းအလဲတွေကြောင့် ရွှေကို အလုအယက် ဝယ်လာကြတာ” လို့ ပြောပါတယ်။
အမေရိကန်-အီရန် စစ်ရေးတင်းမာနေသလို အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရုမ်း ပေါင်ဝဲလ်က ဘဏ်အတိုးနှုန်းကို မပြောင်းလဲဘဲ ဆက်ထားဖို့ ဆုံးဖြတ်ခဲ့မှုကလည်း ရွှေစျေးအပေါ် သက်ရောက်မှု ရှိခဲ့ပါတယ်။
“ရွှေဟာ အခုဆိုရင် အကျပ်အတည်းနဲ့ ငွေကြေးဖောင်းပွမှုကို ကာကွယ်ဖို့အတွက်ပဲ မဟုတ်တော့ဘဲ ဘယ်လိုစီးပွားရေး အခြေအနေမျိုးမှာမဆို ယုံကြည်စိတ်ချရတဲ့ တန်ဖိုးရှိ ပိုင်ဆိုင်မှုတခုအဖြစ် ရင်းနှီးမြှုပ်နှံသူတွေက ပိုပြီး သတ်မှတ်လာကြတာပါ” လို့ OCBC ရဲ့ လေ့လာဆန်းစစ်သူတွေက ဆိုပါတယ်။
ရွှေစျေးနှုန်းဟာ ၂၀၂၆ ခုနှစ်အတွင်းမှာတင် ၂၇ ရာခိုင်နှုန်းကျော် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
Source: Reuters


