
၁၉၉၀ ပြည့်လွန်နှစ်ကာလတွေကစပြီး ဒီနေ့အချိန်ထိ မြန်မာကဗျာလောကမှာ ခေတ်ပြိုင်ကဗျာတွေနဲ့ ထင်ရှားကျော်ကြားခဲ့တဲ့ ကဗျာဆရာဝင်းမြင့်ဟာ ဖေဖော်ဝါရီ ၁၅ ရက် ညနေက ဧရာဝတီတိုင်း၊ ပုသိမ်မြို့ရှိ နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ မိတ်ဆွေ ကဗျာဆရာ အသိုက်အဝန်းကနေ သိရပါတယ်။
ကဗျာဆရာဝင်းမြင့်ဟာ မနေ့ညနေ ၅ နာရီခွဲလောက်မှာ ပုသိမ်မြို့၊ ရာမည ၃ လမ်း၊ လမ်းသွယ် ၁ လမ်းက နေအိမ်မှာ ဦးနှောက်သွေးကြောပြတ်ပြီး လဲကျသေဆုံးသွားတာလို့ သူနဲ့နီးစပ်တဲ့ ကဗျာဆရာ စိုင်းဝင်းမြင့်က ပြောပါတယ်။
ကဗျာဆရာ စိုင်းဝင်းမြင့်က “အိမ်ဟောင်းလေးမှာ သူရရှိထားတဲ့ ပန်းချီဆွဲဖို့ ထပ်ခိုးလေးပေါ်မှာ နေထိုင်ရင်း ညစာစားချိန် ဆင်းမလာ၊ အော်ခေါ်လည်း ပြန်မထူးလို့ အိမ်သားတွေက အပေါ်တက်ကြည့်မှ လဲကျသေဆုံးနေတာကို တွေ့ရတယ်” လို့ လူမှုကွန်ရက်ကနေ မျှဝေထားပါတယ်။
ကဗျာဆရာဝင်းမြင့်ကို ၁၉၆၈ ခုနှစ် မတ်လ ၁၃ ရက်မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်သွားချိန်မှာ အသက် ၅၈ နှစ်ရှိပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၅ မှာ ပုသိမ်မြို့ နေအိမ်မှာ ပြန်လည် အခြေချ နေထိုင်ခဲ့ပါတယ်။
ကဗျာဆရာဝင်းမြင့်ဟာ အဝကျွန်း ဦးချစ်မောင် ဦးစီးထုတ်ဝေတဲ့ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှာ “မြက်ခင်းပေါ်မှာ” ကဗျာနဲ့ စာပေနယ်ကို စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၅ ခုနှစ်မှာ “ပဲ့တင်” ကဗျာနဲ့ ဖြူးမိတ်ဆွေများ စာကြည့်အသင်း စာပေဆုကို ရရှိခဲ့ပါတယ်။
သူရဲ့ကဗျာတွေဟာ မော်ဒန်၊ ခေတ်ပေါ်နဲ့ ခေတ်ပြိုင်ကဗျာ ကြိုက်သူတွေကြား အရှိန်အဝါ ကြီးမားခဲ့သလို အိမ်နဲ့ အဝေးကို ရောက်နေတဲ့ လူငယ်တွေရဲ့ ရင်ကိုလည်း လှုပ်ခတ်ငြိတွယ်စေတဲ့ အရေးအသားတွေကြောင့် လူကြိုက်များခဲ့သလို ကဗျာလောက စာပေလောကမှာလည်း လူချစ်လူခင် များခဲ့တဲ့ ကဗျာဆရာတယောက် ဖြစ်ပါတယ်။
“အိမ်ဆိုတာ ပြန်လို့ရတဲ့ အရာမှန်းသိလေ၊ ပိုနာကျင်လေ၊ ဒါကြောင့်မို့ မြစ်တွေဟာ၊ သွယ်ဝိုက်စီးဆင်းတာဖြစ်မယ်။” “ရန်ကုန်က ကျဉ်းပါတယ်၊ ဒါပေမဲ့ ပြန်မဆုံနိုင်တော့ဘူး။” စတဲ့ အရေးအသားတွေဟာ ဒီကနေ့ခေတ် လူငယ်တွေရဲ့ ရင်ကိုလည်း စွဲစွဲငြိငြိ ထိခတ်စေခဲ့တဲ့ အရေးအသားတွေပဲ ဖြစ်ပါတယ်။
ကဗျာဆရာဝင်းမြင့် ရေးသားထုတ်ဝေခဲ့တဲ့ ကဗျာစာအုပ်တွေမှာ မြို့ကြီးသူသို့ ကဗျာများ၊ မေ့မရတဲ့ အကြောင်းအရင်း၊ စိတ်စွဲလမ်းမှုကြောင့် မြည်သောဟွန်းသံ ကဗျာများ၊ လူဝင်စားတွေထိုင်တဲ့ ကဖေး၊ ခေတ်ပေါ်ကဗျာဆရာ ၁၀၊ လူစီရဲ့ အမှုန်အမွှားကင်းစင်သော လက်ဆောင် (ဝင်းမြင့် + မိုဃ်းဇော်)၊ လူပြိန်းရဲ့ အချစ်ဖြစ်ပွားရာ (ဝင်းမြင့်+ဝေမှူးသွင်)၊ အလွန်လှပသော ကော်ပတ်ရုပ်၊ ဒဏ္ဍာရီထဲ ဈေးဝယ်ထွက်ခြင်း၊ ပို့စကတ်နှင့် ခင်ဗျား ကဗျာများ၊ ကဗျာဆရာ၊ မီးနဲ့ဆေးတဲ့ ရေတံခွန်၊ နောင်ရေး၊ ၈၅ အ.ထ.က ကဗျာများ၊ အချစ်ကဗျာ၊ လေထဲမှာ လေဟာလေလို (ဝင်းမြင့် + ကိုရွေး + မိုးဝေး) နဲ့ နှင်းမှုန်ရည်ကြွယ် ကဗျာများ စာအုပ်တို့ပဲ ဖြစ်ပါတယ်။
ကဗျာဆရာဝင်းမြင့်ရဲ့ ဈာပနအခမ်းအနားကို ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ် ၁ နာရီမှာ ပုသိမ်မြို့ရှိ သရောင်းချောင်းသုသာန်မှာ ကျင်းပသွားမှာဖြစ်ပြီး မြန်မာပြည်အနှံ့က ကဗျာဆရာတွေနဲ့ စာပေလောက ပုဂ္ဂိုလ်တွေ တက်ရောက်ကြဖို့ ရှိနေပါတယ်။


