
အလင်္ကာကျော်စွာဆုရ ကဗျာဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ဟာ နိုဝင်ဘာ ၂၂ ရက် ဒီကနေ့ မနက်မှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သမီးဖြစ်သူ ကဗျာဆရာမ မနီတာက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ဟာ ၁၉၆၅ ခုနှစ်မှာ လမ်းသစ် ကဗျာပေါင်းချုပ်စာအုပ်နဲ့ အမျိုးသားစာပေဆုကို ရခဲ့သူဖြစ်ပါတယ်။
သူဟာ အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးအစိုးရလက်ထက် ၁၉၆၇ ခုနှစ်မှာ ကျောင်းဆရာအဖြစ်ကနေ အလုပ်ထုတ်ခံခဲ့ရသလို ၂ နှစ်ကြာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး နဝတ၊ နအဖ စစ်အာဏာရှင်လက်ထက်မှာလည်း သူ့ကဗျာတွေကို ထုတ်ဝေခွင့်မပြုခဲ့ပါဘူး။
၂၀၁၂ မှာမှ ကဗျာတွေ ထုတ်ဝေခွင့်ပြန်ရခဲ့တာဖြစ်ပါတယ်။ ဆရာကြီးဟာ သူ့ရဲ့ စာပေသက်တမ်းမှာ အမျိုးသားစာပေဆု၊ တသက်တာစာပေဆု၊ အလင်္ကာကျော်စွာဆု၊ တော်ဘုရားလေး စာပေဆုတွေကို ရရှိခဲ့သူဖြစ်ပါတယ်။
‘ကဗျာဆိုတာ အသစ်ပဲ’လို့ ကဗျာအပေါ် ခံယူခဲ့တဲ့ ဆရာကြီး ကိုလေး (အင်းဝဂုဏ်ရည်) ဟာ အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး သူ့ရဲ့ ရုပ်ကလာပ်ကို နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၁ နာရီမှာ တံတားဦးသုသာန်မှာ မီးသင်္ဂြိုဟ်မှာဖြစ်ပါတယ်။


