
မြန်မာ ပန်းချီလောကမှာ ဆီဆေးနဲ့ ရေဆေးလက်ရာပန်းချီတွေနဲ့ ထင်ရှားကျော်ကြားတဲ့ ပန်းချီဆရာကြီး ဦးလွန်းကြွယ် အောက်တိုဘာ ၂ ရက် ဒီကနေ့မနက်က ကွယ်လွန်သွားပါတယ်။
ပန်းချီပညာနဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ရရှိထားတဲ့ အသက် ၉၆ နှစ်အရွယ် ပန်ချီဆရာကြီး ဦးလွန်းကြွယ်ဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ လူကြီးရောဂါနဲ့ ဆေးရုံမှာကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
သူ ကွယ်လွန်သွားတာနဲ့ ပတ်သက်လို့ မြန်မာပန်းချီလောကအတွက် ဆုံးရှုံးမှုတခုအဖြစ် ပန်းချီလောက အသိုက်အဝန်းနဲ့ ဆရာကြီးကို ချစ်ခင်လေးစားသူတွေက လူမှုကွန်ရက်မှာ မျှဝေနေကြပါတယ်။
ပန်းချီနည်းပြဆရာ ဦးဇေယျာအေးက “ဆရာကြီးတို့ လက်ဆင့်ကမ်းလာတဲ့ပညာတွေနဲ့ ကျနော်တို့တွေက ပြန်ပြီးတော့ လက်ဆင့်ကမ်းရတာကိုး။ အဲ့ဒီတော့ ပညာပြည့်တဲ့ဆရာကြီးတွေ ဆုံးသွားတော့လည်း အများကြီးဆုံးရှုံးမှုပဲပေါ့နော်။ ဒါပေမဲ့လည်း ဘယ်သူမှတော့ လွန်ဆန်နိုင်တဲ့အရာတော့ မဟုတ်ဘူးပေါ့”လို့ ပြောပါတယ်။
၁၉၃၀ ခုနှစ် အောက်တိုဘာလက ရန်ကုန်မြို့မှာ မွေးဖွားခဲ့တဲ့ ဦးလွန်းကြွယ်ဟာ သတ္တမတန်းအောင်မြင်ပြီးကတည်းက ပန်းချီပညာကို ဇောက်ချလုပ်ကိုင်ခဲ့တာဖြစ်ပြီး မြန်မာပန်းချီလောကရဲ့ ဆီဆေးအကျော်မော် ဦးသိန်းဟန်ရဲ့ တပည့်အရင်းလည်းဖြစ်ပါတယ်။
ဦးလွန်းကြွယ်ဟာ တရုတ်နိုင်ငံနဲ့ အရှေ့ဂျာမနီအပါအဝင် ဥရောပနိုင်ငံတချို့မှာလည်း ပန်းချီပညာ သွားရောက်လေ့လာခဲ့သူဖြစ်တဲ့အတွက် အရှေ့တိုင်းရော အနောက်တိုင်းပန်းချီပညာကိုပါ နှံ့စပ်ခဲ့သူပန်းချီပညာရှင်တယောက်ဖြစ်ပြီး ပန်းချီပန်းပုကျောင်းရဲ့ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူခဲ့သူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ ပန်းချီလက်ရာတွေကို အမျိုးသားပြတိုက်အပြင် မလေးရှား၊ စင်ကာပူစတဲ့ နိုင်ငံတွေမှာရှိတဲ့ အထင်ကရ ပန်းချီအနုပညာပြတိုက်တွေက စုဆောင်းထိန်းသိမ်းထားသလို ပြည်တွင်း၊ ပြည်ပမှာ ပန်းချီပြပွဲပေါင်းများစွာ ပြသခဲ့သူဖြစ်ပါတယ်။