Home
အထွေထွေ
ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန်၊ နိုင်ငံတော်ဈာပန ကျင်းပမည်
DVB
·
August 7, 2025

ယာယီသမ္မတ ဦးမြင့်ဆွေ ဩဂုတ် ၇ ရက် ဒီမနက် ၈ နာရီ ၂၈ မိနစ်က အမှတ် ၂ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) မှာ ကွယ်လွန်သွားတယ်လို့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (စစ်ကောင်စီ) က သတင်းထုတ်ပြန်ပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကျင်းပမယ်လို့လည်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ကြေညာထားပါတယ်။

ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်တာကြောင့် အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ အထူးကြပ်မတ်ကုသဆောင်မှာ အထူးကြပ်မတ်ကုသမှု ခံယူနေစဉ် ကွယ်လွန်သွားတာ ဖြစ်ပါတယ်။

ဦးမြင့်ဆွေဟာ  ၂၀၂၁ စစ်တပ်အာဏာသိမ်းရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဘောင်ဝင်စေဖို့ ယာယီသမ္မတအနေနဲ့ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာပေးခဲ့သူဖြစ်သလို ရွှေဝါရောင် သံဃာအရေးအခင်းကို အကြမ်းဖက်ဖြိုခွင်းမှုမှာ တာဝန်ရှိသူတယောက် ဖြစ်ပါတယ်။

သူဟာ ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးတော်ပုံကို အကြမ်းဖက် ဖြိုခွင်းရာမှာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး အဲဒီလို ဖြိုခွင်းခဲ့တဲ့အတွက် သေဒဏ်ပေးရင်တောင် ခံနိုင်တယ်လို့ မီဒီယာမှာ ဖြေကြားခဲ့ဖူးပါတယ်။

ဦးမြင့်ဆွေဟာ ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး လှုပ်ရှားရာမှာ တုံ့နှေးခြင်းနဲ့ အစာအာဟာရ စားသုံးနိုင်မှု အားနည်းလာခြင်းတို့ကို စတင်ခံစားခဲ့ရတဲ့အတွက် အထူးကုဆရာဝန်ကြီးတွေ ပါဝင်တဲ့ အထူးဆေးကုသမှုအဖွဲ့က ကျန်းမာရေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ကျန်းမာရေး စမ်းသပ် စစ်ဆေးချက်အရ အာရုံကြောတွေ နှေးကွေးတုံ့ဆိုင်းတဲ့ရောဂါ (Parkinson's Disease) အဲဒါနဲ့ ဆက်စပ်ဖြစ်ပေါ်တဲ့ အာရုံကြောအားနည်းရောဂါတို့ကို ခံစားနေရတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

၂၀၂၄ ခုနှစ်၊ ဧပြီ ၁၅ ရက်မှ ၁၉ ရက်အထိ စင်ကာပူနိုင်ငံ Mount Elizabeth Medical Center မှာလည်းကောင်း၊ မေ ၂၇ ရက်မှ ဇွန် ၁၈ ရက်အထိ အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ မှာလည်းကောင်း ဆေးကုသမှုခံယူခဲ့တယ်လို့ ဆိုပါတယ်။

ဆေးရုံဆင်းပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း ဦးဆောင်တဲ့ အထူးဆေးကုသမှုအဖွဲ့နဲ့ ကျန်းမာရေးစစ်ဆေးကုသမှုတွေ ဆက်လက်ပြုလုပ်ခဲ့ပေမဲ့ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်းမရှိတဲ့အတွက် ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၈ ရက်က စတင်ပြီး နေအိမ်မှာ ဆေးခွင့်နဲ့ အနားယူ ဆေးကုသမှု ဆက်လက်ခံယူနေခဲ့ပေမဲ့ တိုးတက်လာခြင်း မရှိတဲ့အပြင် ဇူလိုင်လအတွင်း ကိုယ်အလေးချိန် လျော့ကျခြင်း၊ အစာကောင်းစွာ မစားနိုင်ခြင်း၊ အဖျားတက်ခြင်း၊ ဦးနှောက်နိုးကြားမှု လျော့နည်းလာခြင်းတို့ကြောင့် ဇူလိုင် ၂၄ ရက်မှာ အမှတ် ၂ တပ်မတော်ဆေးရုံကြီး ခုတင် ၁၀၀၀ မှာ ထပ်မံဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ရတယ်လို့ သိရပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေဟာ အရင်စစ်အစိုးရလက်ထက်က ရန်ကုန်တိုင်းမှူးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ဦးတင်အောင်မြင့်ဦး ဒုတိယသမ္မတအဖြစ်မှ နုတ်ထွက်ခဲ့ရာ ဒုတိယသမ္မတအဖြစ် ဦးမြင့်ဆွေကို အဆိုပြုခဲ့ပေမဲ့ သားဖြစ်သူက ဩစတြေးလျနိုင်ငံသား ခံယူထားလို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  သမ္မတအရည်အချင်းနဲ့ မပြည့်မီဘဲ အရွေးမခံခဲ့ရပါဘူး။

၂၀၁၅ ရွေးကောက်ပွဲအပြီး ၂၀၁၆ ခုနှစ် မတ်လမှာတော့ ပြည်ထောင်စုလွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေက ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြု တင်မြှောက်ခဲ့လို့ ဒုတိယသမ္မတ ၁ ဖြစ်လာခဲ့ပါတယ်။

၂၀၁၈ ခုနှစ် မတ်လမှာ NLD သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားလို့ သမ္မတ ဦးဝင်းမြင့်ကို မခန့်အပ်ရသေးတဲ့ အချိန်ကာလ မတ် ၂၁ ရက်မှ မတ် ၃၀ ရက်အထိ ဦးမြင့်ဆွေက ယာယီသမ္မတတာဝန် ယူခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီး သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD အစိုးရတဖွဲ့လုံး ဖမ်းဆီးခံရချိန်မှာ ဦးမြင့်ဆွေဟာ လွှတ်တော်ကလည်း မခန့်အပ်သလို ဘယ်သူကမှ အတည်ပြု မခန့်အပ်ဘဲ ယာယီသမ္မတအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီနဲ့ ပူးပေါင်းခဲ့တဲ့ ဒုသမ္မတ ၂ ယောက်ထဲမှာ ဦးမြင့်ဆွေက ကွယ်လွန်သွားပြီဖြစ်ပြီး ဦးဟင်နရီဗန်ထီးယူကတော့ ဧပြီ ၂၂ ရက်က ကျန်းမာရေး အကြောင်းပြချက်နဲ့ စစ်ခေါင်းဆောင်က အနားပေးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013