
ချောက်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးသန်းတင်ဟာ စစ်ကောင်စီကို တော်လှန်ရင်း ဇူလိုင် ၃၁ ရက်မှာ ကျဆုံးကွယ်လွန်သွားတယ်လို့ သိရပါတယ်။
မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင် အတွင်းရေးမှူး ဒေါက်တာရဲထွန်းဇော် က “လူကြီးရောဂါလို့ပဲ ပြောရမှာပါ။ ပြီးခဲ့တဲ့ ၁၀ ရက်လောက်ကတည်းက အစားမဝင် တရှောင်ရှောင်လေး ဖြစ်နေတာပေါ့နော်။ တိုင်း ပကဖ ဘက်ကနေပြီးတော့ ဆရာဝန်တွေဘာတွေနဲ့ သေချာလေးတော့ ရဲဘော်ရဲဘက်တွေကတော့ ဝိုင်းတော့ ကုကြပါတယ်။ အကြောဆေးသွင်းတာတို့ ဘာတို့ပေါ့နော်။ ဒါပေမဲ့ အစာမဝင် တဖြည်းဖြည်းဖြစ်လာပြီးတော့ တနေ့ကညမှာ ၁၀ နာရီ ၄၂ မိနစ်မှာ ဆုံးသွားတာပေါ့” လို့ ပြောပါတယ်။
တော်လှန်ရေးကာလ တော်လှန်ရေးနယ်မြေမှာ စစ်ကောင်စီကိုတွန်းလှန်ရင်း ကွယ်လွန်တာဖြစ်လို့ တော်လှန်ရေးမှာ မြင့်မြတ်စွာ ကျဆုံးတာလို့ ဆိုပါတယ်။
မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ကလည်း ဦးသန်းတင်ဟာ တော်လှန်ရေးကာလအတွင်း မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်တာဝန်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတာဝန်တွေနဲ့ မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံရေးဆွဲရေး ကြိုတင်ပြင်ဆင်မှုဆိုင်ရာကော်မရှင် တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့လို့ မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့ ထုတ်ပြန်ထားပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်တွေနဲ့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ရဲ့တာဝန်တွေကို နောက်ဆုံးအချိန်ထိ ပြည်သူအကျိုးထမ်းဆောင် တိုက်ပွဲဝင်သွားတဲ့ ဦးသန်းတင်ရဲ့ မပြီးဆုံးသေးတဲ့ စစ်အာဏာရှင် တော်လှန်ရေးခရီးကို တော်လှန်ရေးပြည်သူတွေနဲ့အတူ ဆက်လက် ဆောင်ရွက်သွားမယ်လို့ ကတိပြုကြောင်းလည်း ဆိုပါတယ်။