
အာကာသအနားစွန်းကနေ ကောင်းကင်ဒိုင်ဗင်ခုန်ချခဲ့လို့ နာမည်ကြီးသူ ဩစတြီးယားနိုင်ငံသား ဖီးလစ်ဘွမ်ဂါ့တ်နာဟာ အီတလီနိုင်ငံမှာ ပါရာဂလိုက်ဒါနဲ့ လေဟုန်စီးချိန်မှာ မတော်တဆဖြစ်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၅၆ နှစ်ရှိပြီ ဖြစ်ပါတယ်။
ဘွမ်ဂါ့တ်နာဟာ အီတလီနိုင်ငံအလယ်ပိုင်း၊ ပေါ်တိုဆန်တယ်ပီဒီဂျို မြို့ပေါ်ကနေ မော်တာတပ် ပါရာဂလိုက်ဒါနဲ့ ပျံသန်းနေချိန်မှာ ထိန်းချုပ်မှု လွတ်သွားပြီးတော့ ဟိုတယ်တခုရဲ့ ရေကူးကန်နား မြေပြင်ပေါ်ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် ဒီလိုဖြစ်တယ် ဆိုတာတော့ မသိရသေးပါဘူး။
ဩစတြီးယားနိုင်ငံသားဟာ ၂၀၁၂ ခုနှစ်တုန်းက အထူးပြုလုပ်ထားတဲ့ ဝတ်စုံဝတ်ပြီးတော့ ကမ္ဘာမြေပြင်အထက် ၂၄ မိုင်အမြင့်မှာ မီးပုံပျံပေါ်ကနေ ခုန်ချပြခဲ့တာကြောင့် အာကာသအနားစွန်းကနေ ဒိုင်ဗင်ထိုးသူအဖြစ် ထင်ရှားပါတယ်။ အလွတ်ခုန်ချပြီးတော့ မြေပြင်ပေါ် ကျခါနီးမှ လေထီးဖွင့်တာ ဖြစ်ပါတယ်။
အာကာသအနားစွန်းဆိုတာ ကမ္ဘာ့လေထုအဆုံးနဲ့ ပြင်ပအာကာသအစကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
အသံအမြန်နှုန်း တနာရီ မိုင် ၆၉၀ ကို ချိုးဖျက်ပြီး အမြင့်ဆုံး တနာရီ ၈၃၃ မိုင်နှုန်းအထိ ရောက်ရှိတဲ့ ပထမဆုံး ကောင်းကင်ဒိုင်ဗင်သမားအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါတယ်။
ကိုယ့်ကိုယ်ကိုယ် “ကောင်းကင်နတ်ဘုရား” လို့ တင်စားသူဟာ ဆယ်ကျော်သက်အရွယ်ကတည်းက လေထီးခုန်တာကို စတင်လုပ်ဆောင်ခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ အန္တရာယ်ကြီးတဲ့ BASE Jumping ကစားနည်းကို တစိုက်မတ်မတ် ကစားခဲ့သူဖြစ်ပါတယ်။
BASE ဆိုတာ အဆောက်အအုံတွေ၊ တာဝါတိုင်တွေ၊ တံတားတွေ၊ ကမ်းပါးတွေကနေ အလွတ်ခုန်ချပြီးတော့မှ လေထီးဖွင့်တဲ့ကစားနည်း ဖြစ်ပါတယ်။
ဘွမ်ဂါ့တ်နာဟာ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပြီးတော့ ကောင်းကင်ဒိုင်ဗင်ထိုးခဲ့ဖူးသလို မလေးရှား ပတ်ထရိုနက်စ်တာဝါကနေလည်း လေထီးခုန်ချဖူးသူ ဖြစ်ပါတယ်။
Source: Reuters