Home
မြန်မာသတင်း
ကယန်းပြည်သစ်ပါတီက ဖမ်းဆီးပြန်လွှတ်ပေးလိုက်သည့် ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင် ဦးအားဒိုသန်း ကွယ်လွန်
DVB
·
June 4, 2025

ကယန်းပြည်သစ်ပါတီက ဖမ်းဆီးပြီး ပြန်လွှတ်ပေးလိုက်တဲ့ ပရာဒေါင်းဆွေမျိုးစုခေါင်းဆောင် ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီ နာယက ဦးအားဒိုသန်းဟာ  ဇွန် ၄ ရက် မနက် ၁၁ နာရီမှာ ကွယ်လွန်သွားပြီလို့ ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီဝင်တွေဆီက သိရပါတယ်။

ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီဝင် လူငယ်တယောက်က “ပြန်လွတ်လာတဲ့ ဆွေမျိုးစုခေါင်းဆောင် ဦးအားဒိုသန်း ၁၁ နာရီဝန်းကျင်လောက်မှာ ဆုံးသွားပါတယ်” လို့ DVB ကို အတည်ပြုပါတယ်။

ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီ နာယက ဦးအားဒိုသန်းဟာ ဆီးချိုအခံရှိသူဖြစ်ပြီး အဲဒီရောဂါနဲ့ သေဆုံးတာလို့လည်း ပြောပါတယ်။

ပရာဒေါင်းဆွေမျိုးစု ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်မှာတော့ ပရာဒေါင်းဆွေမျိုးစု နာယကကြီး ဦးအားဒိုသန်းဟာ ဒီနေ့ ၁၁ နာရီ ၁၅ မိနစ်အချိန် ဆီးဘူးပြည်သူ့ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရှမ်း-ကရင်နီနယ်စပ်က မြင်းမထိတောင်မှာ သတ္တုတူးဖော်တာကို မေ ၁၅ ရက်မှာ ဆွေမျိုးစုတွေ ဆန္ဒပြကြတာကြောင့် ကယန်းပြည်သစ်ပါတီက ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင်တွေကို မေ ၁၆ ရက်မှာ ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးထားတဲ့ ပရာဒေါင်းဆွေမျိုးစု ဥက္ကဋ္ဌ ခွန်းအောင်နိုင်စိုး၊ ဒု-ဥက္ကဋ္ဌ ဦးဘမောင်၊ လူငယ်အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင်နဲ့ နာယက ဦးအားဒိုသန်းတို့ကို  မေ ၂၀ ရက်မှာ ကယန်းပြည်သစ်ပါတီဘက်က ပြန်လွှတ်ပေးလိုက်တာပါ။

မြင်းမထိတောင်ဟာ ပရာဒေါင်းဆွေမျိုးစုတွေ ပိုင်ဆိုင်တဲ့တောင် ဖြစ်ပေမဲ့ လေးပွင့်ကြယ်ကုမ္ပဏီက လူထုဆန္ဒသဘောထား မပါဘဲ တရုတ်မစ္စတာဝမ်ကုမ္ပဏီနဲ့ ခဲသတ္တု အကြီးစားလုပ်ငန်းတူးဖော်ဖို့ ၂၀၁၈ ခုနှစ်ကတည်းက ၅ နှစ် စာချုပ် ချုပ်ဆိုပြီး လုပ်ဆောင်နေလို့ ဒေသခံတွေက ကန့်ကွက်ဆန္ဒပြတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013