
ရန်ကုန်၊ တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက်မှာ နေထိုင်တဲ့ မြန်မာ့ဝါရင့်သရုပ်ဆောင်ကြီး ရွှေခြံသန်းမြင့်ဟာ ဇန်နဝါရီ ၂၀ ရက် မနက် ၅ နာရီ ၄၅ မိနစ်က အဆုတ်ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ အနုပညာအသိုက်အဝန်းက ပြောပါတယ်။
ရွှေခြံသန်းမြင့်ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်အကောင့်မှာတော့ “ကျွန်တော်ချစ်သော ရုပ်ရှင်ဂီတအနုပညာနဲ့ ပရိသတ်အပေါင်းအပေါင်းအား ကျွန်တော်ထာဝရခွဲသွားပါပြီ” လို့ ကွယ်လွန်အပြီးမှာ မိသားစုဝင်တွေက ရေးသား အသိပေးထားတာ တွေ့ရပါတယ်။
အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ရွှေခြံသန်းမြင့်ဟာ ရုပ်ရှင်၊ ဗီဒီယို၊ ကတ်ဆက်အသံဇာတ်လမ်းတွေ အများအပြားမှာ သရုပ်ဆောင်ခဲ့သူဖြစ်တဲ့အပြင် ဒါရိုက်တာအဖြစ် လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
ကိုဗစ်ကာလပြီးကတည်းက သရုပ်ဆောင်မှုတွေ သိပ်မတွေ့ရတော့ပေမဲ့ တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက်၊ အနှိုင်းမဲ့ နာရေးကူညီမှုအသင်းမှာ နာယကအဖြစ် အရပ်ဘက်လုပ်ငန်းတွေ လုပ်ကိုင်ခဲ့သူလည်း ဖြစ်ပါတယ်။
နာရေးဖိတ်စာမှာတော့ ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၁ နာရီ ကျီစုသုသာန်မှာ မီးသင်္ဂြိုဟ်မှာဖြစ်ပြီး နေ့လယ် ၁၂ နာရီ နေအိမ်ကနေ ကားတွေထွက်မယ်လို့ ပရိသတ်နဲ့ မိတ်ဆွေတွေကို အကြောင်းကြားထားပါတယ်။