Home
မြန်မာသတင်း
ဆေးဝါးလုံလောက်မှုမရှိသဖြင့် PDF Zoland  ဒုတပ်စိတ်မှူး ၁ ဦး ကွယ်လွန်
DVB
·
November 6, 2024
Photo-PDF Zoland

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ၕှိ PDF Zoland တပ်မှာ ဒုတပ်စိတ်မှူးအဖြစ် တာ၀န် ထမ်းဆောင်နေတဲ့ စစ်တပ်ကနေ CDM ပြုလုပ်ထားသူတယောက်  ဆေးဝါးလုံလောက်မှု မရှိတာကြောင့် နို၀င်ဘာ ၄ ရက် မနက် ၇ နာရီ ဝန်းကျင်မှာ ကွယ်လွန်သွားတယ်လို့ PDF Zoland ဆီကနေ သိရပါတယ်။

PDF Zoland ရဲ့ ပြန်ကြားရေးတာ၀န်ခံက “တလလောက် ကြာပြီ၊ နေမကောင်းဖြစ်နေတာလေ။ ဒီဘက်စခန်းမှာပဲ ဆေးကုနေခဲ့တာ။ ဆေးလုံလုံလောက် မရှိလို့ သူ့အခြေအနေက ပိုဆိုးလာတယ်။ အဲဒါကြောင့် မီဇိုရမ်ဘက်ကို ဆေးကုဖို့အသွား အိန္ဒိယနယ်စပ်က တီအို ချောင်းနားမှာတင် ဆုံးသွားခဲ့ရတာပါ” လို့ ပြောပါတယ်။

သေဆုံးသွားသူဟာ အသက် ၄၀ အရွယ် ကိုပေါင်ခန့်ခိုင် (ခ) ကိုစစ်သား ဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ကနေ CDM ပြုလုပ်လာကာ PDF Zoland ရဲ့ လက်နက်ကြီးပိုင်းမှာ ဒုတပ်စိတ်မှူးအဖြစ် တာဝန်ယူထားသူတယောက် ဖြစ်တယ်လို့ သိရပါတယ်။ 

PDF Zoland ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “သူက စစ်တပ်ဘက်က လာတာဆိုတော့ သူ့ကို စစ်သားလို့ပဲ အလွယ်ခေါ်ကြတာပါ။ စစ်တပ်ထဲမှာတုန်းကလည်း လက်နက်ကြီးပိုင်းမှာ တာ၀န်ထမ်း‌ဆောင်ခဲ့တာဆိုတော့ CDM လုပ်လာပြီး အဖွဲ့နဲ့အတူ တော်လှန်ရေးမှာ ပါ၀င်လာတော့ သူ ကျွမ်းကျင်တဲ့ လက်နက်ကြီးပိုင်းကိုပဲ တာ၀န်ယူသွားခဲ့တာပါ။ တကယ်လည်း ရွပ်ရွပ်ချွံချွံ ပါ၀င်ဆောင်ရွက်ခဲ့သူတယောက်ပါ” လို့ ပြောပါတယ်။

စစ်အာဏာရှင်တော်လှန်ရေးကာလအတွင်း အခုလို သူရဲကောင်းတယောက် ကျဆုံးခဲ့ရတဲ့အပေါ်မှာ အလွန်ဝမ်းနည်း​ရတယ်လို့လည်း သူက ဆက်ပြောပါတယ်။

PDF Zoland တပ်ဖွဲ့ဟာအတွင်း ဆေး၀ါးလုံလောက်မှုမရှိတာ အရင်ကတည်းကဖြစ်ခဲ့ပေမဲ့ အခုလို တပ်ဖွဲ့၀င်တွေ သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်မျိုးတွေ မရှိခဲ့ဘဲ ဆေး၀ါးပြည့်စုံလုံလောက်တဲ့ ဆေးရုံ ဆေးခန်းတွေကို အချိန်မီပို့ဆောင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013