Home
မြန်မာသတင်း
ထောင်ဒဏ် ၂၈ နှစ်ကျခံခဲ့ရသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ကွယ်လွန်
DVB
·
November 9, 2024
u win khaing _09112024

မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေတဲ့ အန်အယ်လ်ဒီ အစိုးရလက်ထက် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ဟာ နိုဝင်ဘာ ၈ ရက် ည ၁၀ နာရီမှာ အဆုတ်ရောင်ရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ ဆေးရုံနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီကဖမ်းဆီးပြီး ထောင်ဒဏ် ၂၈ နှစ်ချထားတဲ့ ဦးဝင်းခိုင်ဟာ ကျန်းမာရေးဆိုးဝါးလာလို့ ဆေးရုံတင်ထားရချိန် စစ်ကောင်စီက လွတ်ငြိမ်းသာခွင့်ပေးခဲ့ပြီး မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ ဆက်လက်ဆေးကုသမှုခံယူနေတုန်း မနေ့ည ၁၀ နာရီမှာ သေဆုံးခဲ့တာလို့ ဆေးရုံနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်တယောက်က DVB ကို ပြောပါတယ်။

“အဆုတ်ကလည်းရောင်နေတယ်။ နှလုံးကလည်းဖောက်တော့  အသက်ရှူမဝဖြစ်ပြီး ဆုံးသွားတာ မနေ့ည ၁၀ နာရီက။ စစ်တပ်ရော၊ ရဲရော လာစစ်ပြီး အချက်အလက်တွေယူသွားတယ်။” 

အသက် ၇၀ ကျော်ပြီဖြစ်တဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင်ကို စစ်ကောင်စီက အိုးဘိုအကျဥ်းထောင်မှာ ထောင်ဒဏ် ၂၈ နှစ်ချထားပြီး အောက်တိုဘာ ၂၈ ရက်မှာ နှလုံးဖောက်လာတာကြောင့် မန္တလေးဆေးရုံကြီးကိုပို့ပြီး အဲ့ဒီနေ့မှာပဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။

ကွယ်လွန်သွားတဲ့ ဝန်ကြီး ဦးဝင်းခိုင်ဟာ ၂၀၁၇ ခုနှစ်က ဆောက်လုပ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ပြီး  ၂၀၁၈ ခုနှစ်မှာတော့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အဲဒီနောက် စစ်တပ်အာဏာသိမ်းက အဂတိပုဒ်မနဲ့အမှုဖွင့်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ ထောင်ဒဏ် ၂၈ နှစ် ချမှတ်ခဲ့တာပါ။

ဦးဝင်းခိုင်ကို မန္တလေးမှာ ဒီနေ့ သင်္ဂြိုဟ်မယ်လို့ သိရပေမဲ့ အသေးစိတ်အကြောင်းကိုတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်ကလည်း အိုးဘိုထောင်မှာ ထောင်ဒဏ် ၂၉ နှစ် ကျခံနေရတဲ့ အန်အယ်လ်ဒီ အစိုးရလက်ထက် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် မန္တလေးဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေချိန် လွတ်ငြိမ်းချမ်းသာပေးခဲ့ပြီး နောက်ရက်မှာ ကွယ်လွန်ခဲ့ပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့ကလည်း အိုးဘိုထောင်ထဲမှာ ထောင်ဒဏ် ၈ နှစ်ကျနေတဲ့  အန်အယ်လ်ဒီ အစိုးရလက်ထက် မန္တလေးတိုင်း လျှပ်စစ်၊ စွမ်းအင်နဲ့ ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင် ဟာ ကျန်းမာရေး ဆိုးဝါးနေတာကြောင့် မန္တလေးဆေးရုံကြီးမှာ လာရောက်ဆေးကုသပေးခဲ့ပြီး အကျဥ်းထောင်ကိုပြန်ခေါ်သွားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013