Home
နိုင်ငံတကာ
ဟဲဗီးမက်တဲလ် ဂေါ့ဖားသား အော်ဇီအော့ဇ်ဘွန်း ကွယ်လွန်
DVB
·
July 23, 2025
Photo :Reuters

ဟဲဗီးမက်တဲလ် ဂီတအဖွဲ့ Black Sabbath ရဲ့ အဆိုတော် အော်ဇီအော့ဇ်ဘွန်း  (Ozzy Osbourne) ဟာ အဖွဲ့ရဲ့ နှုတ်ဆက်ဂီတပွဲ ကျင်းပပြီး ရက်ပိုင်းအကြာ အသက် ၇၆ နှစ်အရွယ်မှာ  ကွယ်လွန်သွားခဲ့ပြီလို့ မိသားစုက ဇူလိုင် ၂၃ ရက်မှာ ထုတ်ပြန်ပါတယ်။

အနုပညာသက်တမ်းတလျှောက် အယ်လ်ဘမ် သန်း ၁၀၀ ကျော် ရောင်းချနိုင်ခဲ့တဲ့ အဆိုတော်ကြီးဟာ စင်မြင့်ထက်က ထူးခြားကြမ်းတမ်းတဲ့ အပြုအမူတွေကြောင့် လူသိများပါတယ်။

ပရိသတ်တယောက် စင်ပေါ်ကို ပစ်တင်ပေးလိုက်တဲ့ လင်းနို့တကောင်ရဲ့ ဦးခေါင်းကို ကိုက်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်ကတော့ အကျော်အကြားဆုံးဖြစ်ပါတယ်။

သူသေဆုံးတဲ့ အကြောင်းရင်းကို ထုတ်ပြန်ခြင်းမရှိပေမဲ့ အော့ဇ်ဘွန်းဟာ ၂၀၂၀ ပြည့်နှစ် ကတည်းက ပါကင်ဆန်ရောဂါ  ရှိနေကြောင်း တွေ့ရှိခဲ့ရပြီးနောက်ပိုင်း လမ်းမလျှောက်နိုင်တော့ပါဘူး။

ဇူလိုင် ၅ ရက်က ဘာမင်ဂမ်မှာ လုပ်ခဲ့တဲ့ နောက်ဆုံးဖျော်ဖြေပွဲမှာ ထိုင်လျက်ဖျော်ဖြေသွားခဲ့ပါတယ်။  သူ့ပရိသတ်တွေကြားမှာ The Prince of Darkness" ၊ the "Godfather of Heavy Metal ဆိုတဲ့ နာမည်တွေနဲ့ ထင်ရှားသူဟာ နောက်ပိုင်းနှစ်တွေမှာတော့ စင်မြင်ပေါ်က ရော့ခ်ကာဘဝကနေ မကြာခဏ အပြောကြမ်းတဲ့ Reality TV စတားအဖြစ် ရပ်တည်ခဲ့ပါတယ်။

Osbourne ဟာ ရော့ခ်ဂီတက လူငယ်တွေအပေါ် အပျက်သဘော သက်ရောက်မှုရှိမှာကို စိုးရိမ်ကြတဲ့ ရှေးရိုးစွဲဝါဒီတွေနဲ့ ဘာသာရေးအုပ်စုတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့ပါတယ်။

သူ့နေထိုင်မှု ပုံစံနဲ့ သီချင်းစာသားတွေမှာ လွန်ကဲတာတွေရှိပေမဲ့ သူဟာ တကယ့် မကောင်းဆိုးဝါးကိုးကွယ်သူမဟုတ်ဘူးလို့ ချေပခဲ့ပါတယ်။

အမည်အရင်း ဂျွန်မိုက်ကယ် အော့ဇ်ဘွန်းဟာ မောင်နှမ ၆ ယောက်မှာ စတုတ္ထမြောက် ဖြစ်ပါတယ်။ အင်္ဂလန်အလယ်ပိုင်း ဘာမင်ဂမ်မြို့၊ အက်စတန်မှာ ကြီးပြင်းခဲ့ပြီး စာဖတ်စွမ်းရည်ချို့ယွင်းမှု (dyslexia) ရောဂါနဲ့ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။

အသက် ၁၅ နှစ်နဲ့ ကျောင်းထွက်ခဲ့ပြီး အောက်ခြေအလုပ်မျိုးစုံလုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။ တချိန်က ခိုးမှုနဲ့ ကာလတို ထောင်ကျခဲ့ဖူးပါတယ်။ အဲဒီနောက်ပိုင်းမှာမှ Black Sabbath ဂီတအဖွဲ့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ 

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013