
၂၀ ရာစု ဖက်ရှင်လောကရဲ့ ဂုရုကြီးတွေထဲက တယောက်ဖြစ်တဲ့ ဂန္ထဝင် အီတလီ ဖက်ရှင်ဒီဇိုင်နာကြီး ဗလန်တီနို ဂါရာဗန်နီဟာ အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ဗလန်တီနိုဟာ ရောမမြို့က နေအိမ်မှာ မိသားစုမေတ္တာရိပ်အောက် အေးချမ်းစွာ ကွယ်လွန်သွားတယ်လို့ ဗလန်တီနို ဖောင်ဒေးရှင်းက ထုတ်ပြန်ထားပါတယ်။
၁၉၆၀ ပြည့်နှစ်မှာ Valentino ဖက်ရှင်အမှတ်တံဆိပ်ကို တည်ထောင်ခဲ့တဲ့ ဗလန်တီနိုဟာ ဂျော်ဂျီယို အာမာနီနဲ့ ကာလ်လာဂါဖဲလ်တို့လို ထိပ်တန်းဒီဇိုင်နာတွေနဲ့ ရင်ဘောင်တန်းနိုင်ခဲ့သူ ဖြစ်ပါတယ်။
သူ့ရဲ့ ဖက်ရှင်လက်ရာတွေကို အဲလိဇဘက်တေလာ၊ ဂျက်ကလင်းကနေဒီနဲ့ ဂျူလီယာရောဘတ် အပါအဝင် ကမ္ဘာကျော် အနုပညာရှင်တွေနဲ့ ထင်ရှားသူတွေ ဝတ်ဆင်ခဲ့ကြပါတယ်။
ဗလန်တီနိုဟာ စပိန်ခရီးစဉ်ကနေ စိတ်ကူးရပြီး ဖန်တီးခဲ့တဲ့ "Valentino Red" လို့ခေါ်တဲ့ အနီရောင် ဒီဇိုင်းတွေကြောင့်လည်း ကမ္ဘာတဝန်း လူသိများထင်ရှားပါတယ်။
၂၀၀၈ ခုနှစ်မှာ သူ နောက်ဆုံးတင်ဆက်ခဲ့တဲ့ ဖက်ရှင်ပြပွဲမှာဆိုရင်လည်း မော်ဒယ်အားလုံးက အနီရောင်ဝတ်စုံတွေ ဝတ်ဆင်ပြီး သူ့ကို ဂုဏ်ပြုခဲ့ကြတာပါ။
သူ့ရဲ့ ရုပ်ကလာပ်ကို လာမဲ့ ဇန်နဝါရီ ၂၁ ရက်နဲ့ ၂၂ ရက်တွေမှာ ရောမမြို့က ပီယာဇာ မီဂနာနယ်လီ ရင်ပြင်မှာ အများပြည်သူ ဂါရဝပြုနိုင်ဖို့ ထားရှိသွားမှာ ဖြစ်ပါတယ်။ ဈာပနအခမ်းအနားကိုတော့ ဇန်နဝါရီ ၂၃ ရက်မှာ ကျင်းပသွားမယ်လို့ ဖောင်ဒေးရှင်းက သတင်းထုတ်ပြန်ထားပါတယ်။
Source:Reuters


