
မြန်မာစာလောကမှာ ထင်ရှားတဲ့ မြန်မာစာ ဆရာကြီးဂုဏ်ထူး ဦးသိန်းနိုင်ဟာ နိုဝင် ဘာ ၂၅ ရက် ဒီကနေ့ မနက်အစောပိုင်းမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၈၉ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ဆရာကြီးဟာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ဇာတိဖြစ်ပြီး ၁၉၅၅ ခုနှစ်မှာ မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းကနေ တက္ကသိုလ်ဝင်တန်းကို အောင်မြင်ခဲ့ကာ တနိုင်ငံလုံးမှာ တဦးတည်းသော မြန်မာစာဂုဏ်ထူးရှင်အဖြစ် အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။
ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင်ရဲ့ ဘဝသက်တမ်းတလျှောက် အလယ်တန်း၊ အထက်တန်း၊ ကျောင်းသားဘဝ စာပေပြိုင်ပွဲတွေမှာကတည်းက ပထမဆုပေါင်း ၂ဝ ကျော် ရရှိခဲ့သလို မြန်မာစာနဲ့ ပတ်သက်တဲ့ စာအုပ်စာပေပေါင်း မြောက်မြားစွာကိုလည်း ရေးသားခဲ့ပြီး သူ မြတ်နိုးတဲ့ မြန်မာစာသင်ကြားတဲ့ ဆရာအဖြစ် မန္တလေး သက်ကြီးတက္ကသိုလ်၊ မုံရွာတက္ကသိုလ်တွေမှာ မြန်မာစာကထိကနဲ့ ဌာနမှူး၊ မန္တလေး ဆေးတက္ကသိုလ်၊ မန္တလေး စိုက်ပျိုးရေးတက္ကသိုလ် စတဲ့ တက္ကသိုလ်တွေမှာရော ပြင်ပမှာပါ မြန်မာစာဆရာအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့သူ တဦးလည်း ဖြစ်ပါတယ်။
ဒါ့အပြင် ဆရာကြီးဟာ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းတို့မှာလည်း ပါဝင်ခဲ့ပြီး မြန်မာဇာတ်သဘင်သမိုင်း၊ မြန်မာရုပ်စုံသဘင်၊ မြန်မာစာစာစီစာကုံးများ၊ ရေသည်ပြဇာတ်စကားပြေ စတဲ့ စာအုပ်တွေအပြင် စာအုပ်ပေါင်း မြောက်မြားစွာကို ရေးသားပြုစုခဲ့ပြီး ၁၉၆၃ ခုနှစ်နဲ့ ၁၉၆၅ ခုနှစ်တွေမှာ အမျိုးသားစာပေးဆု ရရှိခဲ့ပါတယ်။
လတ်တလောမှာတော့ ဆရာကြီး ဂုဏ်ထူးဦးသိန်းနိုင် ကွယ်လွန်တဲ့သတင်းနဲ့ ပတ်သက်ပြီးတော့ သူ့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေ၊ တပည့်တပန်းတွေအားလုံးက ဝမ်းနည်းစိတ်မကောင်း ဖြစ်ရကြောင်း အင်တာနက်လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာ ရေးသားမျှဝေနေကြပါတယ်။
ဆရာကြီးရဲ့ ဈာပနအခမ်းအနားကိုတော့ လာမယ့် နိုဝင်ဘာ ၂၇ ရက် ညနေ ၃ နာရီ မြောက်ဥက္ကလာပက ရေဝေးသုသာန်မှာ သင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။


