
အသင်းသားတွေရဲ့ ဒဏ်ရာပြဿနာတွေက ဆုဖလား ၄ လုံး လမ်းကြောင်းကနေ သွေဖည်သွားနိုင်တယ်လို့ အာဆင်နယ်နည်းပြ အာတေတာက ပြောကြားလိုက်ပါတယ်။
ဒဏ်ရာရကစားသမားတွေ ရှိလာတာက ဆုဖလား ၄ လုံး လမ်းကြောင်းအပေါ် သက်ရောက်မှု ရှိနိုင်မလားဆိုတဲ့ မေးခွန်းအပေါ် နည်းပြ အာတေတာက ပြန်လည်ဖြေသွားခဲ့တာပါ။
အာဆင်နယ်ဟာ ဝီဂန်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်မှာ ရိုက်စ်နဲ့ ဇူဘီမန်ဒီကို အနားပေးခဲ့ပြီး တခြားကွင်းလယ်ကစားသမားတွေ ဒဏ်ရာပြဿနာရှိလို့ တောင်ပံတိုက်စစ်ကစားသမား ဆာကာကို ကွင်းလယ်တိုက်စစ်နေရာမှာ ထားကစားခဲ့တာပါ။
အသင်းမှာ အရင်က တိုက်စစ်မှူးတွေ ဒဏ်ရာပြဿနာရှိခဲ့ပြီး အဲဒီနောက် ခံစစ်ကစားသမားတွေ ဒဏ်ရာပြဿနာရှိခဲ့ကာ လက်ရှိအချိန်မှာတော့ ကွင်းလယ်ကစားသမားတွေ ဒဏ်ရာပြဿနာ ရှိနေကြောင်း နည်းပြ အာတေတာက ပြောပါတယ်။
ဆုဖလား ၄ လုံး လမ်းကြောင်းမှာ ဆက်ရှိနိုင်ဖို့ဆိုရင် တချို့ကစားသမားတွေ ဒဏ်ရာကနေ အမြန်ကောင်းမွန်လာဖို့ လိုအပ်ကြောင်း၊ အနာဂတ်မှာ ဆာကာကို ကွင်းလယ်တိုက်စစ်နေရာမှာ ထားကစားနိုင်ကြောင်း နည်းပြအာတေတာက ပြောသွားပါတယ်။


