
ဒီဆောင်းပါးထဲက မေးခွန်းဟာ ကျနော်တို့အားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဒီဆောင်းပါးကို ရေးဖြစ်အောင် လှုံ့ဆော်ပေးတဲ့သူကတော့ ကွန်ဖြူးရှပ် (၅၅၁ - ၄၇၉ ဘီစီ) ပဲဖြစ်ပါတယ်။ ကွန်ဖြူးရှပ်ဝါဒမှာ ‘ဒါဟာ မင်းရဲ့ရပိုင်ခွင့်ဆိုတာမျိုး ထောက်မပြဘဲ၊ ဒါဟာ မင်းလုပ်သင့်တာပေါ့' ဆိုတာမျိုးကို ပြောလေ့ရှိပါတယ်။
ဒီမေးခွန်းက လူ့သမိုင်းတလျှောက် လူသားအဖွဲ့အစည်းတွေ ဆွေးနွေးလာခဲ့တဲ့ အကြီးစားမေးခွန်းတခုလည်း ဖြစ်ပါတယ်။
“တော်လှန်ရေးဟာ ရပိုင်ခွင့်လား” လို့မေးခဲ့ရင် တချို့သော နိုင်ငံရေးအယူဝါဒတွေက ပြည်သူတွေအပေါ် အာဏာအသုံးချပြီး အလွန်အကျွံ၊ အခြေခံအခွင့်အရေးတွေ ဖိနှိပ်ပိတ်ပင်ထားတဲ့ အခြေအနေတွေမှာ လူထုက ကိုယ်ပိုင်အာဏာကို ပြန်ယူနိုင်ခွင့် ရှိတယ်လို့ ယူဆကြပါတယ်။
“အစိုးရဟာ လူထုအကျိုးကို မကာကွယ်နိုင်တော့ဘူးဆိုရင် လူထုက ပြောင်းလဲခွင့်ရှိတယ်” ဆိုတဲ့ အယူအဆပါပဲ။
ဒါပေမဲ့… “လုပ်သင့်တဲ့အလုပ်လား” ဆိုတာကတော့ ပိုခက်ပါတယ်။
တော်လှန်ရေးဆိုတာ အမြဲတမ်း လူအသက်အန္တရာယ် လူမှုရေး၊ စီးပွားရေး ပြိုကွဲမှု အာဏာလစ်လပ်ပြီး မတည်ငြိမ်မှုတွေကို တွဲပါလာတတ်ပါတယ်။
ဒါကြောင့် နိုင်ငံရေးပညာရှင်အများစုက တခြားနည်းလမ်းတွေဖြစ်တဲ့ (ဆန္ဒပြခြင်း၊ ပြည်သူ့လှုပ်ရှားမှု၊ နိုင်ငံတကာဖိအား၊ ဆွေးနွေးညှိနှိုင်းမှု) စတဲ့ အကြမ်းမဖက်တဲ့နည်းလမ်းအားလုံး မအောင်မြင်တော့မှ နောက်ဆုံးရွေးချယ်မှု (last resort) အဖြစ်သာ မြင်ကြပါတယ်။
တော်လှန်ရေးကို တချို့အခြေအနေတွေမှာ “အခွင့်အရေး” လို့ သဘောထားနိုင်ပေမဲ့ “လုပ်သင့်မလုပ်သင့်” ဆိုတာကတော့ လူ့အသက်၊ နိုင်ငံအနာဂတ်၊ တခြားရွေးချယ်စရာ ရှိမရှိ စတဲ့ အချက်တွေကို တိုင်းတာစဉ်းစားရတဲ့ အလွန်တာဝန်ကြီးတဲ့ ဆုံးဖြတ်ချက်တခုလို့ ပြောချင်ပါတယ်။
ဒီမေးခွန်းကို မေးနေတယ်ဆိုတာ ကျနော့်အနေနဲ့ နိုင်ငံအခြေအနေကို လေးလေးနက်နက် စဉ်းစားမိနေလို့ ဖြစ်ပါတယ်။ အထူးသဖြင့် လက်ရှိတော်လှန်ရေးရဲ့ ရေချိန်အတက်အကျတွေကို ခံစားလာရလို့ပဲဖြစ်ပါတယ်။
တချို့လူငယ်တွေက ပကတိအရှိတရားလို့ ချပြပြောဆိုလာတာတွေရှိပါတယ်။ အဲဒါတွေက အခုဖြစ်ပျက်နေတဲ့ အကွဲအပြဲဇာတ်လမ်းတွေ၊ စစ်အောင်နိုင်ခြင်း ဒါမှမဟုတ် ကျဆုံးမှု အဆင်မပြေမှု၊ ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မှုအရည်အသွေး အားနည်းချက်တွေ စသဖြင့်ပေါ့။
အဲဒါတွေကြောင့် သူတို့ ဒီတော်လှန်ရေးကနေ ခတ်ကင်းကင်းနေတော့မယ်။ ဘာညာပေါ့။
ဒါပေမဲ့ အဲဒီလို အရှိတရားလို့ ဝေဖန်နေတဲ့ လူငယ်ကိုယ်တိုင်ကတော့ ဘေးလွတ်ရာ ကျွတ်ရာမှာ ကိုယ့်စီးပွားကိုယ်လုပ်ပြီး ကိုယ့်အကျိုးစီးပွားကိုသာ ရှေးရှုလုပ်ကိုင်နေတာ တွေ့ရပါတယ်။ တကယ်တမ်းတော့ တော်လှန်ရေးအရှိတရားပါလို့ ဝေဖန်တာက သူ့ထင်ချင်ရာထင်၊ သူမြင်ချင်ရာမြင်ပြီး ထမင်းရည်ပူလျှာလွှဲ လုပ်ချင်တာပါပဲ။
ကျနော် ဆောင်းပါးခေါင်းစဉ်ပေးထားသလိုပါပဲ။ ကျနော်တို့ တော်လှန်ရေးက တဦးချင်း အကျိုးစီးပွားရပိုင်ခွင့်အတွက် မဟုတ်သင့် မဖြစ်သင့်လှပါဘူး။
မြန်မာတမျိုးသားလုံး၊ တိုင်းရင်းသားပြည်သူတရပ်လုံးရဲ့ ရပိုင်ခွင့်၊ တနည်း ပြည်သူလူထု တရပ်လုံးရဲ့ လွတ်လပ်ရေး၊ တရားမျှတမှု ရရှိရေး စတာတွေအတွက် တဦးချင်းက လုပ်သင့်လုပ်ထိုက်တဲ့ အရေးတော်ပုံ တာဝန်တရပ်ပါ။ ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်ပြီး စဉ်းစားလုပ်ကိုင်ရမယ့် တော်လှန်ရေးမဟုတ်ပါလို့ပဲ ကျနော်သုံးသပ် ဆွေးနွေးလိုတာပါ။
နောက်ထပ် ရဲဘော် သူငယ်ချင်းတယောက်ရဲ့ ဝေဖန်စောကျောမှုကိုလည်း နားထောင်ကြည့်ရအောင်ပါ။ စိတ်ဝင်စားဖို့ကောင်းသလို သတိပြုစဉ်းစားဆင်ခြင်စရာပါ။
အဲဒါကတော့ တော်လှန်ရေးက အခုလိုဖြစ်နေလို့ စိတ်ပျက်ငြီးငွေ့ပြီး လုံးဝမပတ်သက်ပဲ နေလို့မရပါဘူး။ စစ်အုပ်စုရဲ့ ငါတို့ပြည်သူတွေအပေါ် ရက်စက်ယုတ်မာမှုတွေကို ငါတို့မေ့ပစ်လို့မရဘူး။ တော်လှန်ရေးမှာ ငါတို့ ဘာမှ လုပ်မပေးနိုင်ဘူးဆိုရင်တောင် စစ်တပ်ရဲ့ ဆိုးယုတ်မှုတွေကို မေ့မပစ်ဘဲ အမြဲသတိရနေရမဲ့ အလုပ်တော့ ငါတို့ လုပ်နေဖို့လိုမယ်။ စစ်တပ်အကြောက်ဆုံးကလည်း ပြည်သူတွေက သူတို့ရဲ့ ဆိုးယုတ်မှုတွေကို မမေ့ကြတာကို အကြောက်ဆုံးပါပဲတဲ့။
တော်လှန်ရေးက စိတ်ပျက်လက်ပျက်နဲ့ ရှေ့ဆက်မတိုးချင်လောက်အောင် ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ကြုံလာကြရပြီဆိုရင် အဲဒီကာလကမှ တော်လှန်ရေးရဲ့ အစပါတဲ့။ သူရဲ့ ဝေဖန်ထောက်ပြချက်တွေကိုတော့ ကျနော် သဘောကျမိတယ်။ ဒါကတော့ လက်တွေ့ဆန်တယ်။ ကျနော် တော်လှန်ရေးနယ်မြေတွေထဲမှာ ပြည်သူထူထုနဲ့အတူ ဖြတ်သန်းဖြစ်နေတော့ လူထုက အဲဒီအတိုင်းပါပဲ။ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတယ်။ တော်လှန်ရေးနဲ့၊ နိုင်ငံရေးနဲ့ ဘာမှ မပတ်သက်သလိုပါပဲ။ ဒါပေမဲ့ သူတို့ စစ်အာဏာရှင်ရဲ့ စက်စုပ်ရွံရှာစရာတွေကို မမေ့ကြဘူး။ ခေါင်းဆောင်ကောင်းနဲ့ အစိုးရကောင်းတို့ရဲ့ တန်ဖိုးတွေကို နားလည်လာကြတယ်။ ပြန်ပြီးတမ်းတကြတယ်။ မျှော်လင့်နေကြတယ်။
ပါမောက္ခချုပ် ဆရာတော်ကြီးရဲ့ မိန့်မှာချက်နဲ့ တော်လှန်ရေးမှာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တာဝန်တွေကို ကြားသိနိုင်ကြပါစေ၊ လုပ်ဆောင်နိုင်ကြပါစေလို့ တိုက်တွန်းရင်း ဒီဆောင်းပါးကို နိဂုံးချုပ်ပါရစေ။
“တိုင်းပြည်တပြည်၊ နိုင်ငံတနိုင်ငံ ကြီးပွားတိုးတက်ရေးအတွက် ဆိုရင်
၁။ တရားမျှတမှု ရှိရမည်။
၂။ တရားမျှတမှုရှိမှ ညီညွတ်မည်။
၃။ ညီညွတ်မှ ငြိမ်းချမ်းမည်။
၄။ ငြိမ်းချမ်းမှ တိုးတက်မည်။
တရားမျှတမှု ၊ ညီညွတ်မှု ၊ ငြိမ်းချမ်းမှု မရှိဘဲ မည်သည့်တိုင်းပြည် မည်သည့်နိုင်ငံမျှ တိုးတက်မည် မဟုတ်ပါ။ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး တိုးတက်ကြီးပွားရေးအတွက် ညီညွတ်ရေးသည် အဓိက ဖြစ်ပါသည်။
သက်ဆိုင်ရာပုဂ္ဂိုလ်အားလုံး ညီညွတ်ရေးအတွက် အမြန်ဆုံး ဆွေးနွေးဆောင်ရွက်ကြရန် တိုက်တွန်းကြောင်းကို အစည်းအဝေးဆုံးဖြတ်ချက်တွင် ထည့်သွင်း၍ သက်ဆိုင်ရာသို့ အကြောင်းကြားရန်” လို့ ဆရာတော်ကြီးက အဆိုပြု မိန့်တော်မူ ထားပါတယ်။


