
ဒီဆောင်းပါး ခေါင်းစဉ်နည်းနည်းရှည်သွားလို့ ဖတ်ဖို့ ပျင်းမသွားပါနဲ့လို့ ကြိုပြီးမေတ္တာရပ်ခံချင်ပါတယ်။ ကျနော်ဟာ ကရင်ပြည်နယ် ရွာလေးတရွာမှာ စစ်ဘေးဒုက္ခတွေနဲ့ မနီးမဝေး သာမန်ပြည်သူတွေနဲ့အတူ ရှိနေတဲ့ သတင်းစာဆရာ ဆောင်းပါးရေးသူတယောက်အဖြစ် တော်လှန်ရေးကာလကို ဖြတ်သန်းနေပါတယ်။
တနည်းအားဖြင့် တော်လှန်ရေးနယ်မြေ တနေရာမှာ ပြည်သူနဲ့အတူ ဘဝကို ခက်ခဲစွာ ဖြတ်သန်းနေရတဲ့ တော်လှန်ရေးသမား စာရေးဆရာတယောက်ပေါ့။ အခုတလော ဘဝအမောတွေ များလွန်းလို့ တော်လှန်ရေးဆောင်းပါးတွေတောင် တလ တပုဒ် မရေးနိုင်တော့လောက်အောင် ဖြစ်နေရပါတယ်။ ဒီလိုအခြေအနေကို စာရေးဆရာတိုင်း ဝမ်းနည်းကြေကွဲကြလိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။
ကျနော့်ဘဝမှာ ပိုက်ဆံမရရင် သိပ်စိတ်မညစ်တတ်ပေမဲ့ စာမဖတ်ရရင်၊ စာမရေးရရင် အကြီးအကျယ် စိတ်ပျက်ဝမ်းနည်းတတ်ပါတယ်။
ဒါကြောင့်မို့ ၂၀၂၆ မှာတော့ စာအုပ်တွေအများကြီး ပြန်ဖတ်နိုင်ဖို့နဲ့ တော်လှန်ရေးနဲ့ ပြည်သူလူထုအတွက်၊ မျိုးဆက်သစ်ကလေး လူငယ်တွေအတွက် ဆောင်းပါးတွေ အများကြီး ပြန်ရေးနိုင်ဖို့ အစီအစဉ်ချပြီး မိမိကိုယ်ကိုယ် စည်းကမ်းချမှတ်ပြီး တနေ့တာမှာ စာဖတ်ချိန် စာရေးချိန် နာရီသတ်မှတ်ပြီး စာဖတ်ဖို့ စာရေးဖို့ ကြိုးစားအားထုတ်ရပါတယ်။
အခု ဒီဆောင်းပါးကို ရေးနိုင်တာဟာ ဆရာကြီး ဒေါက်တာသန်းထွန်း ရေးသားပြုစုတဲ့ ကျော်စွာ ၁၀၀ စာအုပ်ကိုဖတ်ပြီး ကျနော့် စိတ်ကူးဉာဏ်ထဲမှာ ဒီရှည်လျားတဲ့ ခေါင်းစဉ်တခု ရောက်လာခဲ့တာပါ။
ဟုတ်ပါတယ်။ ကျနော်တို့ မြန်မာ့နွေဦးတော်လှန်ရေးက အမြဲရိုင်းပင်းညီညွတ်နေမှ တော်ကာကျမဲ့ တော်လှန်ရေး၊ အမြဲတမ်းကူညီလက်တွဲဖေးမနေကြမှ အဆင်ပြေအောင်မြင်မဲ့ တော်လှန်ရေးပါလို့ လက်တို့ရုံတင်မရတော့ဘူး။ ပခုံးပုတ်ပြီးပြောပြရမယ့်အခြေအနေကို ရောက်နေတာပါ။ ကျနော်တို့ လူမျိုးတွေဟာ ဘာပဲဖြစ်ဖြစ် စိတ်ပါမှ ထထ လုပ်တတ်တဲ့ မကောင်းတဲ့အကျင့်တွေရှိတယ်။
အထူးသဖြင့် အကျင့်ဆိုး အကျင့်ဟောင်းတွေနဲ့ အသားကျ နေသားတကျဖြစ်နေတဲ့ လူ့အသိုက်အဝန်း လူ့အဖွဲ့အစည်းကြီးဖြစ်နေတာမျိုးပါ။
ကျော်စွာ ၁၀၀ စာအုပ်ထဲက ကျနော်တို့ လူ့သမိုင်းမှာ တန်ခိုးဩဇာအကြီးမားဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ခြင်းခံရတဲ့သူဟာ မိုဟာမက် (၅၇၀-၆၃၂) ပါ။ သူကွယ်လွန်ခဲ့တာ အနှစ် ၁,၃၀၀ ရှိပေမဲ့ မိုဟာမက်ရဲ့ ဩဇာ ကြီးမားရှင်သန်လျက်ရှိတာတွေ့ရပါတယ်။ သူဟာ အင်မတန် တန်ခိုးဩဇာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်လည်း ဖြစ်ခဲ့ပါတယ်။
ကျနော်ပြောပြချင်တာ အဲဒီအချက်လည်းပါပါတယ်။ တော်လှန်ရေးတရပ်ကို အောင်မြင်အောင် ဆင်နွှဲနိုင်ဖို့ဆိုရင် နိုင်ငရေးဩဇာတိက္ကမရှိတဲ့ ခေါင်းဆောင်ရှိဖို့ လိုအပ်ပါတယ်။ အသက်ကိုစွန့်ရဲတဲ့ ယုံကြည်မှုနဲ့ တော်လှန်ရေးအောင်မြင်မှုကို တွဲဖက်ပေးနိုင်တဲ့ ခေါင်းဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်မျိုးတွေ တော်လှန်ရေးမှာ အပြိုင်းအရိုင်းရှိဖို့ လိုအပ်ပါတယ်။
ကျနော်တို့ တော်လှန်ရေးခေါင်းဆောင်တွေဟာ တခါတခါ ရုပ်ရှင်ရိုက်ဖို့ပဲ ကောင်းတဲ့ ခေါင်းဆောင်တွေက အများသား။ နိုင်ငံရေး အောက်သက်မကျေဘူး။ အလုပ်သိပ်မလုပ်ချင်ဘဲ စကားများတယ်။ ဟန်ပြများတယ်။ ကြွားချင်တယ်။ ကောက်ရိုးမီး။ နောက်ပြီး အပြောနဲ့အလုပ်နဲ့မညီဘူး။ စည်းကမ်းမကောင်းဘူး။ ပြောရရင် ခေါင်းဆောင်တော့ လုပ်ချင်တယ်။ ခေါင်းဆောင်မှု အတတ်ပညာ နားမလည်ဘူး။ အဆိုးဆုံးက စာမဖတ်ကြတာ။ သင်ယူချင်စိတ် အားနည်းတယ်။ တာဝန်ကျေချင်တာထက် ဗိုလ်လုပ်ချင်တာပိုများတယ်။ ခေါင်းဆောင်သစ်တွေ မမွေးမြူတတ်ဘူး။ လက်တွဲမခေါ်တတ်ဘူး။ တကိုယ်ရေးကောင်းစားရေး စိတ်ဓာတ်များတယ်။
နွေဦးတော်လှန်ရေးမတိုင်မီက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တန်ခိုးဩဇာအရှိန်အဝါဟာ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ နိုင်ငံအုပ်ချုပ်ရေးကို တွဲဖက်ပေးတဲ့နေရာမှာ ဘယ်နိုင်ငံရေးသမားမှ မယှဉ်နိုင်အောင် ကောင်းမွန်အောင်မြင်ခဲ့တာ ကျနော်တို့ မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ကြပြီးမဟုတ်ပါလား။
အခုတော်လှန်ရေးကာလဟာ ၅ နှစ်ကျော်လို့ ၆ နှစ်ထဲကို ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။ ဒီအချိန်မှာ တော်လှန်ရေး ဦးဆောင်သူတွေရော ပြည်သူတွေပါ ပင်ပန်းနေကြပြီး ကူညီရိုင်းပင်းမှုတွေ ညီညွတ်မှုတွေ အားနည်းနေတာကို တွေ့လာရပါတယ်။ တော်လှန်ရေးကြီး အောင်မြင်ဖို့ဆိုရင် ကူညီရိုင်းပင်းမှုတွေ ညီညွတ်မှုတွေဟာ အမြဲမပြတ်ရှိနေဖို့ လိုပါတယ်။ ချစ်ခင်စောင့်ရှောက်မှုတွေဟာလည်း အမြဲမပြတ်ရှိနေကြဖို့ လိုပါမယ်။ စိတ်ပါမှ ထပြီး ကူညီရိုင်းပင်းရမဲ့ အခြေအနေမဟုတ်ပါ။ ကိုယ်တတ်နိုင်တဲ့ အားနဲ့ နီးစပ်ရာမှာ မဖြစ်မနေ ပါဝင်အားဖြည့်ကြဖို့၊ အမြဲမပြတ် တော်လှန်ရေး နိုင်ငံ့အရေးကိစ္စတွေကို အားသွန်ခွန်စိုက် အလုပ်လုပ်နေကြဖို့ လိုပါမယ်။
နိုင်ငံက တဖြည်းဖြည်း တအိအိ ပျက်စီးလာချိန်မှာ ကျနော်တို့ပြည်သူလူထုအချင်းချင်း ပိုပြီးချစ်ခင်ညီညွတ်ကြဖို့နဲ့ ပိုပြီးကူညီရိုင်းပင်းကြရပါမယ်။ စစ်အာဏာရှင်ကို တော်လှန်ကြတဲ့နေရာမှာ စစ်အာဏာရှင် အလိုကျ မနေမိဖို့ လိုပါတယ်။ စစ်အာဏာရှင်အလိုကျ ကျွန်စိတ်ဓာတ်နဲ့ မပျော်ပါးမိကြဖို့နဲ့ သတိလက်လွတ် ငှက်တောင်ကျွတ် ပေါ့ပေါ့တန်တန် ဘဝကို မဖြတ်သန်းကြဖို့ လိုပါမယ်။
ပွဲလမ်းသဘင်တွေ၊ အပျော်အပါးတွေဟာ စစ်အာဏာရှင်အကြိုက်တွေပါပဲ။ သူတို့ရဲ့ ဆိုးယုတ်မှုတွေကို ဖုံးကွယ်ဖို့ အသုံးပြုတဲ့ လက်နက်တွေထဲမှာ ဘာသာရေးပွဲလမ်းသဘင်တွေဟာ ထိပ်ဆုံးက ပါတယ်ဆိုတာ မမေ့ကြစေချင်ပါဘူး။ ကျနော်တို့ ပြည်သူလူထုဟာ အခါခါသေဖူးရင် ပျဉ်ဖိုးကို အခါခါ နားလည်ကြရပါမယ်။
မိုဟာမက်ရဲ့ အာရပ်ကမ္ဘာဟာ တခါတလေမှာ အချင်းချင်းကွဲပြားခြားနားသလို ရှိတတ်ပေမဲ့ မျက်စိမလည်ကြပါနဲ့၊ သူတို့မှာ အမြဲရိုင်းပင်းညီညွတ်ရမယ်ဆိုတဲ့ အချင်ကြီးတခု အမြဲရှိနေတယ် ဆိုတာ အထူးသတိချပ်စေချင်ပါတယ်။
ဥပမာ၊ အီရန်နဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံစလုံး အစ္စလာမ်အယူတူပြီး ရေနံအထွက်လည်း တူကြပေမဲ့ ၁၉၇၃-၇၄ ဆောင်းရာသီမှာ ရေနံမထုတ်ဘဲ ရပ်စဲခဲ့တာမှာ မပါဝင်ခဲ့ပါဘူး။ သို့သော်လည်း အဲဒီလို ရေနံမထုတ်ဘဲထားတဲ့နေရာမှာ အာရပ်နိုင်ငံအားလုံးပါခဲ့ပါတယ်။ မိုဟာမက်ရဲ့ အာရပ်နိုင်ငံတွေကသာ ဒီကိစ္စကို အတူညီညီညွတ်ညွတ်နဲ့ လုပ်ကြတာဖြစ်ပါတယ်။ အဲဒါကို မတော်တဆတိုက်ဆိုင်တယ်လို့ မထင်ပါနဲ့။
နိဂုံးချုပ်
စစ်ဗိုလ်ချုပ် မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်လူမိုက်တစုကြောင့် သားတကွဲ၊မယားတကွဲ၊ လင်တကွဲ မိသားစုတကွဲ ကွဲခဲ့ကြရတဲ့ ရင်နာစရာ အဖြစ်အပျက်တွေကို ကျနော်တို့ မေ့ပစ်လို့ မဖြစ်ဘူး။ မေ့လည်း မမေ့စကောင်းဘူး။ ဒီလူယုတ်မာတွေရဲ့ အာဏာစက်ကို ကျနော်တို့ လူထုအားနဲ့ဖျက်ဆီးပစ်ရမယ်။ ဉာဏ်ပညာ ကိုယ်ကျင့်တရားအားနဲ့ တွန်းလှန်ကြရမယ်။ ဒါဆို ကျနော်တို့ ဘာလုပ်ကြမလဲ။ ကျနော်တို့ အချင်းချင်း အမြဲကူညီရိုင်းပင်းချစ်ခင်ညီညွတ်ကြရမယ် မဟုတ်ပါလား...။
ချစ်မင်းနွဲ့ကြည်


