နွေဦးတော်လှန်ရေး ၅ နှစ်ပြည့် တော်လှန်ပုန်ကန်ဆဲသက်သေအဖြစ် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြန်မာသံရုံးရှ့မှာ မြန်မာ့အရေးဆောင်ရွက်သူတွေက ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၁၃ ရက်နေ့မွန်းလွဲပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အတွက် ဆုတောင်းမှုတွေလည်း ပြုလုပ်ခဲ့ပြီး သံရုံးဝန်ထမ်းတွေ ပြည်သူ့ဘက်ကူးပြောင်းဖို့ ဆက်လက်တိုက်တွန်းခဲ့ကြပါတယ်။
Save Myanmar-USA အဖွဲမှ ကိုရင်အေး က “နွေဦးတော်လှန်ရေး ၅ နှစ်ပြည့် အဲ့ဒီအတွက်ကို ကျနော်တို့ နွေဦးတော်လှန်ရေးမှာ အလျှော့မပေးဘဲနဲ့ ရဲရဲဝံ့ဝံ့ အသက်စွန့်တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေ၊ ကျနော်တို့ အာဇာနည်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ စစ်ကောင်စီ မတရားသိမ်းပိုက်ထားတဲ့ ရုံးရှေ့မှာ ကျနော်တို့လာပြီး ဆန္ဒပြတာဖြစ်တယ်။ အထူးသဖြင့်တော့ ၅ နှစ်ရှိသွားပြီ အခုအချိန်အထိ အုပ်ချုပ်လို့မရသေးဘူး၊ အာဏာရူး မင်းအောင်လှိုင်လက်ထက်မှာ လုပ်လို့မရတော့ဘူးဆိုတာ တိုင်းရင်းသားတွေက သက်သေပြလိုက်တယ်၊ ဒါ အားရဖို့ကောင်းတဲ့ ကျနော်တို့ နွေဦးတော်လှန်ရေးရဲ့ အောင်မြင်မှုဖြစ်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက စစ်ရေးအရ ဖိအားပေးခံနေရချိန်မှာ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းဘက် ဦးတည်ဖို့ ကြိုးစားနေပေမဲ့ တိုင်းရင်းသားအင်အားစုတွေဘက်က မဖြစ်နိုင်ကြောင်း တုံ့ပြန်မှုတွေ ဆက်တိုက်ထွက်ပေါ်နေတာပါ။
အလားတူပဲ ပြည်ပရောက်အင်အားစုတွေကလည်း PDF တွေ ရှေ့ဆက်တိုက်ပွဲဝင်နိုင်ဖို့ ထောက်ပို့လုပ်ငန်းတွေကို ဆက်လက်ကြိုးစားဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာထွန်းဝေ က “တော်လှန်ဆဲ ပုန်ကန်ဆဲဆိုတာ ကျနော်တို့ လာရောက်ပြီးတော့ ဆန္ဒထုတ်ဖော်တယ်၊ ပြီးတော့ သံရုံး နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တရုတ်သံအမတ်ကိုလည်း ကျနော်တို့ မြန်မာပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး လူသတ် အကြမ်းဖက်စစ်ကောင်စီကို မထောက်ခံဖို့ ကျနော်တို့ လာရောက်တောင်းဆိုတယ်ပေါ့။ ဒီနေ့လာတဲ့ရည်ရွယ်ချက်က အမှန်က ဖေဖော်ဝါရီ ၁ ရက်နေ့ကို လာချင်ပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ရာသီဥတုက အရမ်းဆိုးရွားတဲ့အတွက်၊ အခုအချိန်မှာလည်း ရာသီဥတုက အနုတ်ဒီဂရီဖြစ်နေပါတယ်၊ ဒါကို ကျနော်တို့တော်လှန် ညီအကိုမောင်နှမတွေ လာရောက်ပြီးတော့ ဆန္ဒထုတ်ဖော်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ပြည်ပကိုရောက်နေကြပေမဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ ပြည်ထောင်စုနေ့နဲ့ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၁၁၁ နှစ်ပြည့် မွေးနေ့ကို မမေ့မလျော့ရှိနေဆဲဖြစ်တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
၈၈ မျိုးဆက် ဒေါ်အတာက “ဗိုလ်ချုပ်ကအ ရမ်းရိုးသားတယ် ကြိုးစားတယ်၊ စစ်တပ်ဆိုတာ ပြည်သူ့အတွက် ဖြစ်စေချင်တယ်။ ဒီသံရုံးမှာရှိနေတဲ့ သူတို့ကိုယ်သူတို့ အစိုးရလို့ပြောနေတဲ့ စစ်တပ်က ကောင်တွေကတော့ သူခိုးဂျပိုး၊ သူတို့အတွက် လုပ်နေတဲ့ စစ်တပ်ဖြစ်နေတယ်။ ရှင်းရှင်းပြောရရင်တော့ ဗိုလ်ချုပ်အောင်ဆန်းကို လေးစားရင်၊ ဗိုလ်ချုပ်တည်ထောင်ခဲ့တဲ့ စစ်တပ်ကို လေးစားရင်၊ ဒီလိုမျိုးမလုပ်သင့်ဘူးလို့ လုံးဝပြောချင်တယ်” လို့ ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ပြည်တွင်းရေးမတည်ငြိမ်မှုတွေရှိနေပေမဲ့ တော်လှန်ရေးအတွက် အထောက်အကူပြုနိုင်ဖို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆက်လက်ကြိုးစားနေတာပါ။
မြန်မာသံရုံး၊ တရုတ်သံရုံးနဲ့ တရုတ်သံအမတ်နေအိမ်ရှေ့တို့မှာ အပတ်စဉ်ဆန္ဒပြတာတွေပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်စနစ်ကို လက်မခံနိုင်ကြောင်း နိုင်ငံတကာအစိုးရတွေဆီကို သတင်းစကားတွေ ပေးပို့နေတာဖြစ်ပါတယ်။
သုတချမ်းသာ















