Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဝါရှင်တန်ဒီစီတွင် ဆန္ဒပြတောင်းဆို
DVB
·
September 28, 2025
Daw-Aung-San-Suu-Kyi9_28092025-1
Daw-Aung-San-Suu-Kyi8_28092025-1
Daw-Aung-San-Suu-Kyi4_28092025-1
Daw-Aung-San-Suu-Kyi3_28092025-1
Daw-Aung-San-Suu-Kyi2_28092025-1
Daw-Aung-San-Suu-Kyi1_28092025-1
Daw-Aung-San-Suu-Kyi_28092025-1
Daw-Aung-San-Suu-Kyi9_28092025
Daw-Aung-San-Suu-Kyi6_28092025
Daw-Aung-San-Suu-Kyi8_28092025
Daw-Aung-San-Suu-Kyi7_28092025
Daw-Aung-San-Suu-Kyi5_28092025
Daw-Aung-San-Suu-Kyi4_28092025
Daw-Aung-San-Suu-Kyi3_28092025
Daw-Aung-San-Suu-Kyi2_28092025
Daw-Aung-San-Suu-Kyi1_28092025
Daw-Aung-San-Suu-Kyi_28092025

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်ရေးနဲ့ ဆေးကုသခွင့်ရရေး ကူညီပေးဖို့ အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ သမ္မတအိမ်ဖြူတော်ရှေ့မှာ မြန်မာ့အရေးလှုပ်ရှားတွေက ဒေသစံတော်ချိန် စက်တင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းမှာလည်း ဒုတိယမြောက်နေ့အဖြစ် ထပ်ပြီးဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ 

အမေရိကန်သမ္မတနဲ့ နိုင်ငံတကာအစိုးရတွေဆီကို ဒေါ်အောင်ဆန်းစုကြည်အတွက် သတင်းစကား ထပ်မံပေးပို့နိုင်ဖို့ ကြိုးစားခဲ့ကြတာဖြစ်ပါတယ်။

ကိုရင်အေး (Save Myanmar- USA) က “အမေရိကန်ရဲ့နိုင်ငံရေးအခြေအနေအရ သမ္မတထရမ့်ရဲ့ ဥပဒေအသစ်တွေနဲ့ ပြည်တွင်းနိုင်ငံရေးတွေ ရှုပ်နေတဲ့အချိန်မှာ ကျနော်တို့အနေနဲ့ ဆန္ဒပြပွဲတွေကို ရှေ့မှာမလုပ်ဖြစ်ဘူး။ ဒါပေမဲ့ အခုကတော့ ကျနော်တို့ သမ္မတထရမ့်ပ်ကို လာတောင်းဆိုတာဖြစ်ပါတယ်။ ဘာလဲဆိုတော့ အမေဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအခြေအနေ ဆိုးရွားနေတယ်ဆိုတာ ကြားရတယ်၊ ရရှိသင့်ရရှိထိုက်တဲ့ ဆေးဝါးကုသခွင့် တွေ မရဘူးဖြစ်နေတယ်။ ဒီအချက်တွေနဲ့ပတ်သက်လို့ အမေဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပုံမှန်ဆေးဝါးကုသခွင့်တွေရရှိဖို့၊ နောက်ပြီးတော့ အမြန်ဆုံးလွတ်မြောက်ဖို့ သမ္မတဒေါ်နယ်ထရမ့်ပ်အနေနဲ့ သူ့ရဲ့ပါဝါကိုသုံးပြီးတော့ ဖိအားပေး ပေးပါလို့ ကျနော်တို့ လာရောက်တောင်းဆိုတာပါ” လို့ ပြောပါတယ်။

ဆန္ဒပြပွဲဒုတိယနေ့မှာ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို အမေရိကန်အစိုးရက တရားဝင်ဆန့်ကျင်ပေးဖို့၊ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေရပ်တန့်အောင် ဖိအားပေးဖို့ စတဲ့အချက်တွေကိုလည်း တောင်းဆိုခဲ့ကြတာ တွေ့ရပါတယ်။

အသက် ၈၀ အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်အစောပိုင်းကတည်းက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လက်ရှိအချိန်အထိ ဘယ်မှာ ဘယ်လိုအခြေအနေရှိတယ်ဆိုတာကို ဖုံးကွယ်ပြီး သတင်းအမှောင်ချထားခဲ့ပါတယ်။

သမ္မတအိမ်ဖြူတော်ရှေ့ဆန္ဒပြပွဲ ၂ ရက်စလုံးမှာ အမေရိကန်ပြည်ထောင်စုရောက် တိုင်းရင်းသားတွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေလည်း ပူးပေါင်းပါဝင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် ဝတ်ပြုဆုတောင်းပေးခဲ့တာတွေ့ရပါတယ်။

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ အခြေအနေ ပိုမိုဆိုးရွားလာတဲ့အတွက် စိုးရိမ်ကြောင်း သားငယ်ဖြစ်သူ ကင်အဲရစ်(ခေါ်)ကိုထိန်လင်းက စက်တင်ဘာ ၅ ရက်နေ့က လူမှုကွန်ရက်မှာ ရုပ်သံဖိုင်နဲ့ပြောဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်တယ်လို့ စစ်ကောင်စီ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက တုံ့ပြန်ပြောဆိုထားပေမဲ့ ခိုင်လုံတဲ့သက်သေကိုတော့ ထုတ်ပြတာမရှိခဲ့ပါဘူး။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024