
လွတ်လပ်တဲ့ သတင်းမီဒီယာတွေနဲ့ အတူ ရပ်တည်ကူညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက်ကနေ တိုက်တွန်း ပြောကြားလိုက်ပါတယ်။
“ဒီနေ့ ကျနော့်မွေးနေ့မှာ မေမေ့ဆီက သိမှတ်ခဲ့ရတဲ့ မြန်မာ့ဓလေ့အတိုင်း ကောင်းတဲ့အလုပ်တခု လုပ်ချင်ပါတယ်။ ကျနော့်အတွက် အဲဒီကောင်းတဲ့အလုပ်ဆိုတာ မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ မီဒီယာတွေကို ပံ့ပိုးရပ်တည်ကူညီပေးခြင်း ဖြစ်ပါတယ်။ သူတို့ဟာ ကျနော့်ကို မေမေရဲ့ အခြေအနေမှန်တွေ သိရှိစေခဲ့ရုံမက မြန်မာနိုင်ငံအနှံ့က မိသားစုပေါင်းများစွာရဲ့ အကြောင်းကို သိဖို့ရာ အင်မတန်အရေးပါပါတယ်။”
သတင်းထောက်တွေဟာ ဒီမိုကရေစီရေးအတွက်၊ အမှန်တရားအတွက် တိုက်ပွဲဝင်နေသူတွေ ဖြစ်ကြတယ်လို့လည်း ကင်မ်အဲရစ်က ပြောပါတယ်။
“သတင်းထောက်တွေဟာ သတင်းရေးရုံတင် မဟုတ်ပါဘူး။ ဒီမိုကရေစီအတွက် အရှေ့ကနေပြီး တိုက်ပွဲဝင်နေသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ ကျနော်တို့ရဲ့ မျှော်လင့်ချက်တွေကို ဆက်လက်ရှင်သန်နေစေဖို့ လုပ်ဆောင်တယ်။ အမှန်တရားကို ဖော်ထုတ်ဖို့ ဒုက္ခအန္တရာယ်မျိုးစုံ တွေ့ကြုံရတယ်။ ကျနော်တို့ ဝိုင်းပြီးမကူညီရင် သူတို့ရဲ့အသံနဲ့ အမှန်တရားတွေဟာ တိတ်ဆိတ်သွားနိုင်တဲ့ အခြေအနေမှာရှိတယ်။ အမှန်တရားအတွက် အကူအညီလိုတယ်၊ လွတ်လပ်တဲ့မီဒီယာတွေနဲ့ ရပ်တည်ကူညီပါ။”
ကင်မ်အဲရစ်ဟာ စစ်အာဏာရှင်ရဲ့ ဖမ်းဆီးအကျဉ်းချတာ ခံထားရတဲ့ သူ့ရဲ့မိခင် ဒေါ်အောင်ဆန်းစုကြည် အသက် ၈၀ မွေးနေ့ ကမ်ပိန်းလှုပ်ရှားမှုတွေကို ဦးဆောင်ပြုလုပ်ခဲ့သလို မြန်မာပြည်က စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီပေးနေသူလည်း ဖြစ်ပါတယ်။