Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး အမေရိကန် သမ္မတအိမ်ဖြူတော်ရှေ့ တောင်းဆို
DVB
·
September 27, 2025

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို လက်မခံဖို့ ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူတော်ရှေ့နဲ့ တရုတ်သံရုံးရှေ့မှာ မြန်မာ့အရေးဆောင်ရွက်သူတွေ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

ဒေသစံတော်ချိန် စက်တင်ဘာ ၂၆ ရက်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အကူအညီပေးဖို့ အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ သမ္မတအိမ်ဖြူတော်ရှေ့မှာ မြန်မာ့အရေးဆောင်ရွက်သူတွေက ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့တာပါ။ 

ဆန္ဒထုတ်ဖော်ပွဲကို ဒီစီအခြေစိုက်မြန်မာ့အရေးဆောင်ရွက်သူတွေနဲ့ Women For Myanmar အဖွဲ့တို့ ဦးဆောင်ခဲ့ကြတာဖြစ်ပါတယ်။

မင်းမင်း (မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ) က “ကျမတို့ ဝါရှင်တန်ဒီစီ သမ္မတအိမ်ဖြူတော်ရှေ့မှာ ဒီနေ့စုစည်းဖြစ်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး အရေးတယူဆောင်ရွက်တာတွေ ပြုလုပ်ပေးဖို့ တိုက်တွန်းချင်တာပါ။ သူ့ရဲ့ကျန်မာရေး မကောင်းတော့ဘူး၊ သူ့ကိုချက်ချင်း ပြန်လွှတ်ပေးဖို့၊ သူအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်ရဖို့ ကျမတို့တောင်းဆိုချင်တာဖြစ်ပါတယ်။ ထရမ့်ပ်အစိုးရအနေနဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို တရားဝင်ပြစ်တင်ရှုတ်ချပြီး ဒေါ်အောင်ဆန်းစုကြည် ချက်ချင်းပြန်လွတ်မြောက်လာရေးကို ကူညီပေးစေချင်ပါတယ်” လို့ ပြောပါတယ်။

ဒေါ်နီနီဝေ (Women For Myanmar) က “နိုင်ငံတကာမှာရှိတဲ့ တိုင်းပြည်ခေါင်းဆောင်တွေကိုလည်း ကျမတို့ ဒီကနေ အသံလေးပေးချင်ပါတယ်။ ကျမတို့ တိုင်းပြည်ကို ကူညီကြပါ၊ စာနာကြပါ။ စစ်ကောင်စီကို ကူညီအားပေးတာတွေ လုံးဝမလုပ်ဖို့ ပြည်ပမှာရှိတဲ့ တိုင်းရင်းသားညီအကိုမောင်နှမတွေက အနူးအညွတ်တောင်းဆိုပါတယ်လို့ ဒီနေရာကနေ မေတ္တာရပ်ခံပါတယ်။ ကျမတို့ခေါင်းဆောင် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးကျန်းမာပါစေ၊ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဒီနေရာကနေ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်” လို့ ပြောပါတယ်။

သမ္မအိမ်ဖြူတော်ရှေ့ ဆန္ဒပြပွဲမပြုလုပ်ခင်မှာ ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့ကို အရင်သွားခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်ရေးကို လျစ်လျူမရှုဖို့နဲ့ စစ်ကောင်စီ အတုအယောင်ရွေးကောက်ပွဲကို ထောက်ခံအားပေးနေတာ ရပ်တန့်ဖို့ တရုတ်အစိုးရကို မြန်မာ့အရေးဆောင်ရွက်သူတွေက တိုက်တွန်းတောင်းဆိုခဲ့ကြပါတယ်။ 

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်မြောက်ရေးအတွက် နိုင်ငံတကာခေါင်းဆောင်တွေ အကူအညီပေးနိုင်ဖို့နဲ့ သတင်းစကားရကြဖို့ အမေရိကန်သမ္မတအိမ်ဖြူတော်ရှေ့နဲ့ တရုတ်သံရုံးရှေ့မှာ တရက်တည်း ဆန္ဒပြပွဲပြုလုပ်ဖို့ မြန်မာ့အရေးဆောင်ရွက်သူတွေက စီစဉ်ခဲ့တာပါ။

ကိုရင်အေး(Save Myanmar-USA) က “သမ္မတထရမ့်ပ်အစိုးရအနေနဲ့ တရားမဝင်တဲ့ ရွေးကောက်ပွဲကို ရှုတ်ချကြောင်း တရားဝင်ပြောဖို့ ကျနော်တို့ လာတောင်းဆိုတာဖြစ်တယ်။ အဲ့ဒီအတွက်လည်း ကျနော်တို့စာတွေရေးထားတယ်၊ ကွန်ဂရက်စ်ကိုလည်း စာတွေပို့ပါတယ်။ ပြီးလို့ရှိရင် တရုတ်အစိုးရကိုလည်း ကျနော်တို့ တောင်းဆိုတယ်။ တရုတ်က တရားမဝင် စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ထောက်ပံ့ပေးနေတယ်၊ ဒါတွေကိုရပ်ဆိုင်းဖို့ ကျနော်တို့တောင်းဆိုခဲ့တယ်။ ဒါတွေကတော့ နိုင်ငံတကာအနေနဲ့ ပြည်သူလူထုကိုယ်စား ကျနော်တို့အသံတွေကို ထုတ်ဖော်သွားဖို့ရှိပါတယ်။ တရားမဝင် ရွေးကောက်ပွဲကို ဆန့်ကျင်မှုကို ကျနော်တို့ တကမ္ဘာလုံးအတိုင်းအတာအနေ နဲ့ လုပ်ဖို့ရှိပါတယ်၊ ဒါကလည်း အဲ့ဒီပွဲရဲ့ အစသဘောမျိုး ကျနော်တို့ စတင်လှုပ်ရှားတာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒေါက်တာထွန်းဝေ (မြန်မာ့အရေးတက်ကြွလှုပ်ရှားသူ) က “ဒီနေ့ အိမ်ဖြူတော်ရှေ့မှာ အမေ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်းမာမာလွတ်မြောက်ရေး၊ မြန်မာ့နွေဦးတော်လှန်ရေး ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ရေးအတွက် ကျနော်တို့ လာရောက်ထုတ်ဖော်ဆန္ဒပြခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးပိုင်းဆိုင်ရာ အခြေအနေ ပိုမိုဆိုးရွားလာတဲ့အတွက် စိုးရိမ်ကြောင်း သားငယ်ဖြစ်သူ ကင်အဲရစ် (ခေါ်) ကိုထိန်လင်းက စက်တင်ဘာ ၅ ရက်နေ့က လူမှုကွန်ရက်မှာ ရုပ်သံဖိုင်နဲ့ပြောဆိုခဲ့တာပါ။ 

သမ္မတထရမ့်ပ်အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် သမ္မတအိမ်ဖြူတော်ရှေ့ ဆန္ဒပြတောင်းဆိုပွဲတွေကို မြန်မာ့အရေးဆောင်ရွက်သူတွေက ရပ်နားထားခဲ့ကြပေမဲ့ လတ်တလောမှာ အခြေအနေဆိုးရွားလာတဲ့ မြန်မာ့ပြည်တွင်းရေး ပြဿနာတွေကြောင့် အိမ်ဖြူတော်ရှေ့မှာ ဆန္ဒပြတောင်းဆိုဖို့ မြန်မာ့အရေးဆောင်ရွက်သူတွေက စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013