
အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ဒီစီရဲ့ မြို့လယ်မှာ ဆန္ဒပြသူ ဒါဇင်များစွာက “စည်းလုံးညီညွတ်တဲ့ ပြည်သူတွေက ရှုံးနိမ့်မှာမဟုတ်ဘူး” လို့ ကြွေးကြော်ရင်း ဒီစီကို လက်လွှတ်လို့ ရေးထားတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ပြီး သြဂုတ် ၁၁ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
“ဒီစီက လွတ်လပ်မှု၊ ဖက်ဆစ်ဝါဒမဟုတ်” လို့လည်း ကြွေးကြော်ခဲ့ပါတယ်။
မြို့တော်ရဲ့ ရဲဌာနကို ဗဟိုထိန်းချုပ်မှုအောက်မှာ ထားပြီး နိုင်ငံစောင့်တပ်ကို ချထားဖို့ သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဆုံးဖြတ်ချက်ကို ဆန္ဒပြသူတွေက ရှုတ်ချကြပါတယ်။
ဆန္ဒပြသူတွေက သီချင်းဆိုကြရင်း လက်ခုပ်တီးကြချိန်မှာ မိန့်ခွန်းပြောသူတွေကလည်း “ဒါက ဒီစီကို သိမ်းပိုက်ဖို့နဲ့ ကျနော်တို့ကို နှုတ်ပိတ်ဖို့ ထရမ့်ပ်က ကြိုးစားနေတာပါ” လို့ ပြောခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက “ဒီမှာရပ်ပြီး ဝါရှင်တန်ဒီစီမှာ အာဏာရှင်စနစ် ကျင့်သုံးတာကို ခွင့်ပြုမှာမဟုတ်ဘူး” လို့ ကတိပြုခဲ့ပါတယ်။
ဒီလှုပ်ရှားမှုဟာ နိုင်ငံတဝန်းမှာ လူ့အဖွဲ့အစည်းတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ခြိမ်းခြောက်လာတယ်လို့လည်း သူတို့က သတိပေးခဲ့ပါတယ်။
ထရမ့်ပ်က ဝါရှင်တန် ရဲဌာနကို ဗဟိုချုပ်ကိုင်မှုအောက်မှာ ထားပြီး အမျိုးသားအစောင့်တပ်ကို နိုင်ငံရဲ့ မြို့တော်မှာ ဖြန့်ကြက်ချထားဖို့ အမိန့်ပေးထားတယ်လို့ တနင်္လာနေ့မှာ ပြောခဲ့ပါတယ်။
ထရမ့်ပ်က ဝါရှင်တန်ကို ပြည်သူ့ဘေးကင်းရေး အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီး ဝါရှင်တန် ရဲတွေက သူတို့လုပ်ချင်တာလုပ်ဖို့ အခု ခွင့်ပြုလိုက်ပြီလို့လည်း ပြောခဲ့ပါတယ်။
သူ့အမိန့်ဟာ မြို့တော်ကို အမြန်ရှင်းလင်းဖို့ ပြည်ထောင်စု အာဏာပိုင်တွေကို ခွင့်ပြုမယ်လို့ ပြောပြီး ထိပ်တိုက်တွေ့တာတွေကို ပိုရန်လိုမှုရှိရှိ တုန့်ပြန်ဖို့လည်း ရဲတွေကို အခွင့်အာဏာ ပေးထားပါတယ်။
ထရမ့်ပ်ရဲ့ ကြေညာချက်ဟာ အစဉ်အလာအရ ဒေသဆိုင်ရာ ကိစ္စရပ်တွေအပေါ် အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးခြင်းအားဖြင့် ဒီမိုကရက်တစ်မြို့တွေကို ပစ်မှတ်ထားဖို့ သူ့ရဲ့ နောက်ဆုံး ကြိုးပမ်းအားထုတ်မှုပါ။
သမ္မတရဲ့ အခွင့်အာဏာကို ချဲ့ထွင်ဖို့ အကြောင်းပြစရာ အကျပ်အတည်းကို ဖန်တီးနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို ပယ်ချခဲ့ပါတယ်။
ပြည်ထောင်စု ထောက်လှမ်းရေးဗျူရို (FBI)၊ အကောက်ခွန်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာန (ICE)၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးဌာန (DEA) နဲ့ အရက် ဆေးရွက်ကြီး လက်နက်နဲ့ ဖောက်ခွဲရေးဆိုင်ရာ ဥပဒေ အာဏာတည်စေရေး အေဂျင်စီ (ATF) အပါအဝင် ဗဟိုအစိုးရအေဂျင်စီ တဒါဇင်ကျော်က အရာရှိတွေနဲ့ အေးဂျင့် ရာပေါင်းများစွာတို့လည်း မကြာသေးမီရက်တွေအတွင်း မြို့အနှံ့ ပျံ့နှံ့နေခဲ့ပါတယ်။
Source: Reuters


