၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့အခမ်းအနားကို အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ မြန်မာသံရုံးရှေ့မှာ ဒေသစံတော်ချိန် ဩဂုတ် ၈ ရက် မွန်းလွဲပိုင်းက ကျင်းပခဲ့ပါတယ်။
ဝါရှင်တန်ဒီစီရောက် မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက “မပြီးဆုံးသေးတဲ့ ၈၈၈၈ အတွက် အဆုံးသတ်တိုက်ပွဲ ငါတို့နွှဲကြစို့” ဆောင်ပုဒ်နဲ့ သံရုံးရှေ့မှာ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။
၃၇ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုကိုလည်း ဖော်ဆောင်ခဲ့တာတွေ့ရ ပါတယ်။
စစ်ကောင်စီကဖော်ဆောင်ဖို့ကြိုးစားနေတဲ့ အတုအယောင်ရွေးကောက်ပွဲကို ဝိုင်းဝန်း ဆန့်ကျင်ကြဖို့နဲ့ ၈၈၈၈ အရေးတော်ပုံအလွန် ရွေးကောက်ပွဲ သမိုင်းသင်ခန်းစာ ကို မမေ့ပျောက်ကြဖို့ ၈၈ မျိုးဆက် ဦးရင်အေးက ပြောပါတယ်။
ဝါရှင်တန်ဒီစီမြန်မာသံရုံးဝန်ထမ်းတွေ အလံဖြူထောင်ပြီး ပြည်သူ့ဘက်ကူးပြောင်းကြဖို့ ဒီစီရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက အပတ်စဉ် ဆန္ဒပြတောင်းဆိုခဲ့ပေမဲ့ သံရုံးဝန်ထမ်းတွေက လစ်လျူရှုထားခဲ့တာ ဖြစ်ပါတယ်။