Home
သတင်းဓာတ်ပုံ
ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီ သံရုံးနှင့် တရုတ်သံအမတ်အိမ်ရှေ့၌  ဆန္ဒပြ (ဓာတ်ပုံ) 
DVB
·
July 25, 2025

အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီရှိ စစ်ကောင်စီသံရုံးနဲ့ တရုတ်သံအမတ်ရဲ့ နေအိမ်တွေရှေ့မှာ ဒေသစံတော်ချိန် ဇူလိုင် ၂၄ ရက် မွန်းလွဲပိုင်းက မြန်မာ့အရေးလှုပ်ရှားသူတွေက သွားရောက် ဆန္ဒပြခဲ့ကြပြီး စစ်ကောင်စီလော်ဘီတွေရဲ့ ခြေလှမ်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ 

ဇူလိုင် ၂၀ ရက်က အင်းစိန်ထောင်မှာ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာကြောင့် ကွယ်လွန်သွားခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်ရဲ့ ဖြစ်ရပ်ကို နိုင်ငံတကာက သိရှိစေဖို့နဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်တို့  သတ်ဖြတ်ခံရမှု ၃ နှစ်ပြည့်အထိမ်းအမှတ် အဖြစ် ဆန္ဒပြခဲ့ကြတာလို့  ဦးဆောင်သူတယောက်က ပြောပါတယ်။

မြန်မာသံရုံးနဲ့ စစ်ကောင်စီလော်ဘီတွေရဲ့ ခြေလှမ်းတွေကိုလည်း မျက်ခြေမပြတ်စောင့်ကြည့်နေပြီး သူတို့ရဲ့လုပ်ရပ်တွေကို နည်းလမ်းပေါင်းစုံနဲ့ တားဆီးသွားမယ်လို့ Save Myanmar-USA အဖွဲ့မှ  ဦးရင်အေးက ပြောပါတယ်။ 

“စစ်ကောင်စီရဲ့ သံရုံးရှေ့မှာ ကျနော်တို့လာပြီးဆန္ဒပြတယ်၊ ဒါ့အပြင်ကိုလည်း မျက်နှာချင်းဆိုင်မှာ တရုတ်သံအမတ်အိမ်ရှိတယ်၊ ကိုယ်ကျိုးရှာတရုတ်ကနေပြီးတော့ စစ်ကောင်စီကို အသက်ဆက် ပေးနေတယ်။ အဲ့ဒီကိစ္စတွေအတွက်လည်း ကျနော်တို့တရုတ်ကို အမြဲတမ်းပြောနေတာ။ အခုလည်း ဆက်ပြီးတောက်လျှောက်ပြောနေမယ်။ သူတို့ရဲ့ခေါင်းဆောင်ကြီးတွေ ချမှတ်ခဲ့တဲ့ ဝင်ရောက် မစွက်ဖက်ရေးဆိုတဲ့မူကိုချိုးဖောက်နေတဲ့ ရှီကျင်းဖျင်ရဲ့လုပ်ရပ်တွေအတွက် ကျနော်တို့လာပြီးတော့ ဆန္ဒပြတောင်းဆိုတာ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ လော်ဘီတွေ၊ သစ္စာဖောက်တွေ၊ အဲ့ဒီလော်ဘီတွေက ဒီရောက်နေကြပြီ။ ကျနော်တို့ကြားနေရတယ်၊ သူတို့တွေက ထရမ့်ပ်အစိုးရကို ဝင်ပြီးတော့ လော်ဘီလုပ်နေကြတယ်ဆိုတော့၊ အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ကျနော်တို့ဘက်က အရေးယူဆောင်ရွက်နိုင်ဖို့ကြိုးစားနေကြတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးစာတွေရေးနေကြတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကိုလည်း စာတွေပို့တယ်။ ပြီးခဲ့တဲ့အပတ်ကဆိုရင် ဇော်ဦးနဲ့ မင်းမင်းဦးလာမယ်ဆိုတဲ့အကြောင်းကြားတာနဲ့ ချက်ချင်း ကျနော်တို့ နိုင်ငံခြားရေးဝန်ကြီးဌာနကိုစာပို့တယ်။ ဗီဇာထုတ်မပေးဖို့ကိစ္စတွေ။ သူတို့ပြန်ပြီးတော့ နောက်ဆုတ်သွားကြတယ်။ တကယ်တမ်းတော့ ဗီဇာမရတာလည်းဖြစ်နိုင်တယ်။ ဘာပဲဖြစ်ပါစေ သူတို့ခြေလှမ်းတွေ အကုန်လုံးကို ကျနော်တို့စောင့်ကြည့်နေတယ်။ သူတို့ကို ပိတ်ဆို့တားမြစ်ဖို့ကိစ္စတွေလုပ်နေကြတယ်။ ကျနော်တို့ တတ်နိုင်တဲ့ စည်းရုံးရေးလုပ်ငန်းတွေကို တိုးပြီးလုပ်မယ်၊ ရန်သူရဲ့ခြေလှမ်းတွေအကုန်လုံးကို ရိုက်ချိုးနိုင်အောင်ကြိုးစားသွားမယ်လို့ ကတိပေးပါတယ်။”

မြန်မာနိုင်ငံတဝန်းအကျဉ်းထောင်တွေထဲမှာ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထောင်ချထားတဲ့ ပြည်သူ ၂၂၀၀၀ ကျော်ရှိနေပြီး အကျဉ်းဦးစီးလက်စွဲပါဖော်ပြချက်တွေအတိုင်း အကျဉ်းသား အခွင့်အရေးတွေမရဘဲ အခက်အခဲကြုံနေရတာပါ။

မိသားစုနဲ့တွေ့ဆုံခွင့်၊ လုံလောက်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေမရတဲ့အပြင် တချို့အကျဉ်းသားတွေဟာ ဘယ်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတယ်ဆိုတာကိုတောင် မိသားစုတွေက သိရှိခွင့်မရကြပါဘူး။ ဒီအခြေအနေတွေကို နိုင်ငံတကာကသိအောင်နဲ့ အကူအညီပေးနိုင်အောင် ဆန္ဒပြတာလို့ လူငယ်တယောက်ဖြစ်တဲ့ ကိုဇော်ဇော်က ပြောပါတယ်။

“မဝတ်ရည်အောင်ရဲ့ ထောင်ထဲမှာ မတရားညှဉ်းပန်းနှိပ်စက်ခံရတဲ့အမှုပေါ့၊ ဇူလိုင်လ ၂၀ ရက်နေ့မှာ သူသေဆုံးသွားခဲ့တယ်။ အဲ့ဒီတော့ နိုင်ကျဉ်း အဖမ်းခံရတဲ့ပြည်သူတွေအားလုံးကို တန်းတူအခွင့်အရေးပေးပါ၊ ဒီလူတွေကို ဆေးကုသခွင့်ပေးပါ၊ ဒီလူတွေအားလုံး အမြန်ဆုံး လွတ်မြောက်ပါစေ၊ လွတ်မြောက်အောင်ဆောင်ရွက်ပေးကြပါလို့ ဒီကနေ တောင်းဆိုချင်ပါတယ်။”

အမေရိကန်ပြည်ထောင်စု အစိုးရအပြောင်းအလဲဖြစ်စဉ်နဲ့ သမ္မတထရမ့်ပ်ရဲ့ပြည်တွင်းရေး ဦးစားပေးတဲ့မူဝါဒ ကြောင့် မြန်မာ့အရေးအပါအဝင် အရေးပေါ်အကူအညီလိုအပ်နေတဲ့ နိုင်ငံတွေရဲ့အရေးကိစ္စတွေဟာ ပိုခက်ခဲတဲ့အခြေအနေကိုရောက်ခဲ့တာပါ။

အမေရိကန်ရဲ့ နိုင်ငံတကာအကူအညီပေးရေးအစီအစဉ် (USAID) ဆိုင်းငံ့ခံရပြီးနောက်မှာ စစ်ဘေးသင့်မြန်မာပြည်သူတွေအတွက် အထောက်အပံ့အားလုံးနီးပါးဟာလည်း ရပ်ဆိုင်းသွားခဲ့ ပါတယ်။ 

ဒါအပြင် စစ်အာဏာရှင်အတွက် လူသတ် စစ်လက်နက်ပစ္စည်းတွေ ဝယ်ပေးနေတဲ့ လက်နက်ပွဲစားတွေနဲ့ ကုမ္ပဏီတွေကိုလည်း အမေရိကအစိုးရက ပိတ်ဆို့ဒဏ်ခတ်အရေးယူထား တာကနေ ပယ်ဖျက်ပေးခဲ့ပါတယ်။ 

သုတချမ်းသာ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013