Home
နိုင်ငံတကာ
ကယ်လီဖိုးနီးယားတွင် ဖက်ဒရယ်အေးဂျင့်များနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့
DVB
·
July 11, 2025
Photo: ABC AFFILIATE KABC

ကယ်လီဖိုးနီးယားတောင်ပိုင်း ကမ်းရိုးတန်းစိုက်ပျိုးရေးဒေသရှိ ပြည်နယ် လိုင်စင်ရ ဆေးခြောက်ပျိုးဥယျာဉ်မှာ ဇူလိုင် ၁၀ ရက်က ဖက်ဒရယ်အေးဂျင့်တွေဟာ လူဝင်မှုကြီးကြပ်ရေး တပ်ဖွဲ့ဝင်တွေနဲ့အတူ စီးနင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ဒေါသတကြီး ဆန္ဒပြသူတွေအုပ်စုနဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။

ဆန္ဒပြပွဲတွေ မလုပ်ခင်က လူဝင်မှုကြီးကြပ်ရေးအဖွဲ့ဝင်တွေက လယ်သမား ၁၀၀ လောက်ကို ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ဗဟိုအစိုးရအေးဂျင့်တွေနဲ့ ထိပ်တိုက်တွေ့ကြချိန်အတွင်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ကြောင်း ဒေသတွင်း ရုပ်မြင်သံကြားဌာနတခုက ဖော်ပြခဲ့ပါတယ်။

“စီးနင်းမှု” ဆိုတဲ့ စကားလုံးနဲ့ ဗီဒီယိုတွေ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေချိန်မှာပဲ ဒါဇင်နဲ့ချီတဲ့ ရွှေ့ပြောင်းအခွင့်အရေး လှုပ်ရှားသူတွေဟာ ကျေးလက်လမ်းတွေအလယ်မှာ မော်တော်ကားတွေ စုဝေးပြီး ဖက်ဒရယ်အေးဂျင့်တွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ကြတယ်လို့ ဆန်တာ ဘာဘရာ အင်ဒီပန်းဒန့်၊ လော့စ်အိန်ဂျလိစ်တိုင်းမ်းစ်နဲ့ တခြားသတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်‌။

လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ထိန်းသိမ်းရေး (ICE) က အေးဂျင့်တွေဟာ စစ်သုံးမော်တော်ယာဉ်တွေပေါ်မှာ အမျိုးသားအစောင့်တပ်တွေ ခြံရံပြီးတော့ Glass House Farms ဆေးခြောက်စိုက်ပျိုးရေး ကုမ္ပဏီက လည်ပတ်လုပ်ကိုင်နေတဲ့ နေရာ ၂ ခုကို ဝင်ရောက်စီးနင်းခဲ့တာပါ။

Glass House Farms ကတော့ သူ့ရဲ့ ဖန်လုံအိမ် စိုက်ပျိုးနေရာတွေကို ICE က အေးဂျင့်တွေ လာရောက်ကြည့်ရှုခဲ့ကြကြောင်း X မှာ ပြောထားပြီး ကုမ္ပဏီအနေနဲ့ အေးဂျင့် ရှာဖွေရေး ဝရမ်းတွေကို အပြည့်အဝ လိုက်နာပြီး လိုအပ်ပါက နောက်ထပ်အချက်အလက်တွေကို ပံ့ပိုးပေးပါမယ်လို့လည်း ရေးထားပါတယ်။

ထရမ့်ပ်အစိုးရဟာ နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသူ အားလုံးကို ပြည်နှင်ဒဏ်ပေးဖို့ သူ့ရဲ့ ကမ်ပိန်းလှုပ်ရှားမှုမှာ စိုက်ခင်းလုပ်သားတွေပါ အကျုံးဝင်ခြင်း ရှိ မရှိ ဆိုတဲ့ မူဝါဒအပေါ် အပြောင်းအလဲတွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဇွန် ၁၄ ရက်က ထရမ့်ပ်ဟာ ICE အေးဂျင့်တွေကို စိုက်ခင်းတွေပေါ်မှာ တရားဥပဒေစိုးမိုးရေး လုပ်ဆောင်မှုတွေကို ရပ်တန့်ဖို့ အမိန့်ပေးထားခဲ့ပေမဲ့ ရက်အနည်းငယ်အကြာမှာ အေဂျင်စီဟာ အဲဒီအမိန့်ကို ပြောင်းပြန်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

လယ်သမားတွေက ရွှေ့ပြောင်းလုပ်သားတွေကို ယုံကြည်စိတ်ချရပါတယ်လို့ အာမခံချက်ပေးနိုင်ရင် နိုင်ငံထဲမှာ နေခွင့်ပြုဖို့ ဆန္ဒရှိကြောင်း ထရမ့်ပ်က ဇူလိုင် ၃ ရက်မှာ ပြောပါတယ်။

ရက်ပိုင်းအကြာမှာပဲ စိုက်ပျိုးရေးဝန်ကြီး ဘရွတ်ခ် ရိုးလင်းစ်က စိုက်ခင်းလုပ်သားတွေကို ပြည်နှင်ဒဏ်ပေးခြင်းကနေ ကင်းလွတ်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

အမေရိကန် လယ်သမားဦးရေ ထက်ဝက်လောက်ဟာ နိုင်ငံအတွင်းမှာ တရားမဝင် ဝင်ရောက်နေကြသူတွေဖြစ်ကြောင်း အစိုးရက ခန့်မှန်းထားပါတယ်။

စိုက်ပျိုးရေးလုပ်သားတွေကို အစုလိုက်အပြုံလိုက် နှင်ထုတ်ခြင်းဟာ နိုင်ငံတော်ရဲ့ စားနပ်ရိက္ခာ ထောက်ပံ့ရေး ကွင်းဆက်ကို ထိခိုက်စေလိမ့်မယ်လို့ လယ်ယာကဏ္ဍမှ သတိပေးထားပါတယ်။

ဇွန်လတုန်းက ကယ်လီဖိုးနီးယားရှိ စိုက်ခင်းတချို့ကို ဝင်ရောက်စီးနင်းမှုတွေကြောင့် သီးနှံတွေ မရိတ်သိမ်းခဲ့ရဘဲ လယ်သမားတွေနဲ့ လုပ်ငန်းရှင်တွေဟာ နောက်ထပ် တင်းတင်းကျပ်ကျပ် ကြပ်မတ်ဆောင်ရွက်မှာကို စိုးရိမ်နေကြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013