Home
နိုင်ငံတကာ
ဘင်္ဂလားဒေ့ရှ်တွင် NCP ပါတီ အစည်းအဝေးပွဲ၌ အကြမ်းဖက်မှုဖြစ်ပြီး ၄ ဦးသေဆုံး
DVB
·
July 17, 2025
Photo: CHANNEL 24

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းမြို့ ဂိုပါလ်ဂန့်ဂျ်မှာ ဇူလိုင် ၁၆ ရက်က ဘင်္ဂလားဒေ့ရှ်လူငယ်တွေ ဦးဆောင်တဲ့ အမျိုးသားနိုင်ငံသားပါတီ (NCP) အစည်းအဝေးပွဲတခုမှာ အကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး လူ ၄ ယောက် သေဆုံးကာ တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံမီဒီယာက ဖော်ပြပါတယ်။

လူအသေအပျောက်များခဲ့တဲ့ ကျောင်းသားတွေ ဦးဆောင်ဆန္ဒပြပွဲတွေကြောင့် သက်တမ်းရှည် ၀န်ကြီးချုပ် ရှိတ်ခ်ဟာဆီနာ မနှစ် သြဂုတ်လမှာ အိန္ဒိယနိုင်ငံကို ထွက်ပြေးခဲ့ရပြီး အဲဒီနောက်ပိုင်း ကတိပြုထားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ နှောင့်နှေးမှုတွေကြောင့် ဆန္ဒပြမှုတွေနဲ့  နိုင်ငံရေးကွဲပြားမှုတွေ ကြီးထွားလာခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုအတွင်း အမျိုးသားနိုင်ငံသားပါတီ (NCP) အဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့နဲ့ မီဒီယာတွေ တိုက်ခိုက်ခံခဲ့ရပြီးတော့ မော်တော်ကားတွေ ဖျက်ဆီးခံရကာ လူတွေလည်း ရိုက်နှက်ခံခဲ့ရတယ်လို့ ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် မူဟမ်မဒ် ယူနွတ်စ်က လူမှုမီဒီယာ X မှာ ပို့စ်တင်ထားပါတယ်။

“ကျောင်းသားတွေရဲ့  တော်လှန်ရေးလှုပ်ရှားမှု တနှစ်ပြည့် အထိမ်းအမှတ် ငြိမ်းချမ်းစွာ စုဝေးပွဲ ကျင်းပနေတဲ့ လူငယ်တွေကို တားဆီးတာဟာ သူတို့ရဲ့ အခြေခံအခွင့်အရေးတွေကို ရှက်စရာကောင်းတဲ့ ချိုးဖောက်မှုပါပဲ” လို့ ပြောထားပြီး ဗုဒ္ဓဟူးနေ့ အကြမ်းဖက်မှုအတွက် ဟာဆီနာရဲ့ အာဝါမီလိဂ် နိုင်ငံရေးပါတီနဲ့ သူ့ရဲ့ ကျောင်းသားအဖွဲ့ကို အပြစ်တင်ခဲ့ပါတယ်။

BBC News Bangla က လူ ၄ ယောက် သေဆုံးခဲ့ကြောင်း သတင်းပေးပို့ခဲ့ပြီး ဒေသတွင်း နေ့စဉ်သတင်းစာ Prothom Alo က ၉ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြပါတယ်။

ရိုက်တာက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ရဲတပ်ဖွဲ့နဲ့ ဆေးရုံတာဝန်ရှိသူတွေက ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။ အာဏာပိုင်တွေက ညမထွက်ရအမိန့် ကာဖျူး ထုတ်ပြန်ခဲ့ပါတယ်။

အာဝါမီလိဂ်ပါတီရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပါတီဝင်တယောက် သေဆုံးခဲ့ကြောင်း ပြောကြားထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013