တရုတ်အစိုးရရဲ့ မြန်မာ့အရေးမှာ ပေါ်ပေါ်ထင်ထင်ဝင်ရောက်စွက်ဖက်ပြီး စစ်ကောင်စီဘက်က ရပ်တည်နေတာကို ပြန်သုံးသပ်ဖို့ တရုတ်ကွန်မြူနစ်ပါတီနဲ့အစိုးရကို အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီ၊ တရုတ်သံရုံးရှေ့မှာ မြန်မာနွယ်ဖွားတွေက ဒေသစံတော်ချိန် ဇူလိုင် ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ဆန္ဒပြတိုက်တွန်းခဲ့ကြပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုအလွန်ကတည်းက နိုင်ငံတကာတရုတ်သံရုံးတွေအရှေ့မှာ စစ်ကောင်စီကို အသိအမှတ်ပြုဆက်ဆံတာမျိုးမလုပ်ဖို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြတောင်းဆိုတာတွေ ဆက်တိုက်ပြုလုပ်ခဲ့ပေမဲ့ တရုတ်အစိုးရက လစ်လျူရှုထားခဲ့တာပါ။
ကိုရင်အေး(Save Myanmar USA) က “တရုတ် ရှီကျင်းပင် အစိုးရရဲ့ မြန်မာ့ပြည်တွင်းရေးကို ဆက်လက်ဝင်ရောက်စွက်ဖက်ပြီး မအလ၊ စကစ ကို အသက်သွင်း အသိအမှတ်ပြုဖို့ လုပ်ဆောင်နေတာတွေနဲ့ တိုင်းရင်းသားအင်အားစုတွေကို ဖိအားပေးနေတာတွေကို လုံးဝလက်မခံနိုင်တဲ့အကြောင်း လာပြောတာပါ။ တရုတ်အစိုးရက ဒါတွေကို ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် အနာဂတ် တရုတ်- မြန်မာ ရေရှည်ဆက်ဆံရေးဟာ ကောင်းမွန်တဲ့ အလားအလာမရှိတော့ပါဘူး။ တရုတ်ခေါင်းဆောင်တွေကိုယ်တိုင် ပါဝင်ချမှတ်ခဲ့တဲ့ ဘန်ဒေါင်းမူ ၅ ချက်ထဲက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ တနိုင်ငံရဲ့ပြည်တွင်းရေးကို တနိုင်ငံက ဝင်ရောက်မစွက်ဖက်ရေး စတဲ့အချက်တွေကို ချိုးဖောက်ဆန့်ကျင်သလိုဖြစ်နေတာကို မမေ့လျော့ဖို့လည်း လိုအပ်ပါတယ်။ လက်ရှိ တရုတ်အစိုးရရဲ့လုပ်ရပ်တွေဟာ ၂ နိုင်ငံပြည်သူချင်း ဆက်ဆံရေးကိုပါ ထိခိုက်စေတဲ့ အခြေအနေဖြစ်ပါတယ်။ ဒါတွေကို တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ အလေးအနက်စဉ်းစားဖို့ လိုအပ်နေပြီဆိုတာကို တင်ပြပြောဆို ဆန္ဒထုတ်ဖော်ကြတာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့မှာ မြန်မာနွယ်ဖွားတွေက အပတ်စဉ်ဆန္ဒပြတောင်းဆိုတာတွေ ပြုလုပ်ခဲ့သလို နယူးယောက်မြို့ ကုလဆိုင်ရာတရုတ်သံတမန်ရုံးရှေ့မှာလည်း ဆန္ဒပြတောင်းဆိုတာတွေ မပြတ်ရှိနေခဲ့တာပါ။
၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေးအလွန်မှာ မြောက်ပိုင်းမဟာ ၃ ဖွဲ့နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက မြေပြင်စစ်ရေးအသာစီးယူခဲ့ပြီးနောက် တရုတ်အစိုးရဟာ စစ်ကောင်စီဘက်က ရပ်တည်ပြီး နိုင်ငံရေးစွက်ဖက်တာတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။





