
နည်းပြဗန်ပါစီကိုင်တွယ်နေတဲ့ ဟော်လန်ကလပ် ဖီယင်နုအသင်းဟာ ချဲလ်ဆီးတောင်ပံကစားသမား ဟောင်း ရာဟင်းစတာလင်ကို ရာသီကုန်အထိစာချုပ်သက်တမ်းနဲ့ခေါ်ယူလိုက်ပါတယ်။
စတာလင်ဟာ ချဲလ်ဆီးမှာ တပတ်လုပ်ခ ပေါင် ၃ သိန်း ဝန်းကျင်နဲ့ ၁၈ လစာချုပ်သက်တမ်းကျန်သေးချိန်မှာ ၂ ဦး သဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာပါ။
အဲဒီနောက် ကလပ်အသင်းများစွာနဲ့ သတင်းထွက်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ဟော်လန်ကလပ် ဖီယင်နုဆီ ပြောင်းရွှေ့ဖြစ်ခဲ့တာပါ။
ဖီယင်နုအသင်းကို အာဆင်နယ်နဲ့ မန်ယူတိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီက တာဝန်ယူနေပြီး လိဂ်အဆင့် ၂ နေရာ မှာ ရပ်တည်တာပါ။
နည်းပြ ရော်ဘင်ဗန်ပါစီနဲ့လည်း အသေးစိတ်ဆွေးနွေးခဲ့ပြီး ဖီယင်နုအသင်းက မိမိရဲ့တန်ဖိုးကို ပြသနိုင်ပြီး ပျော်ရွှင်မှုရမဲ့ နေရာလို့ ခံစားမိကြောင်းနဲ့ ပထမဆုံးအကြိမ်နိုင်ငံခြားလိဂ်အသင်းမှာ ကစားရမဲ့အပေါ် စိတ်လှုပ်ရှားမိကြောင်း စတာလင်က ပြောသွားပါတယ်။
စတာလင်ဟာ လီဗာပူး၊ မန်စီးတီး၊ ချဲလ်ဆီး၊ အာဆင်နယ် အစရှိတဲ့ အင်္ဂလန်ထိပ်တန်း အသင်းကြီး ၄ သင်းမှာ ပါဝင် ကစားခဲ့သူဖြစ်ပြီး မန်စီးတီးနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံ ၄ ကြိမ်အပါအဝင် အက်ဖ်အေနဲ့ လိဂ် ရူံးထွက်ဖလားတွေရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။
Photot:Reuters


