
တိုက်ပွဲတွေကြောင့် ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့အနီးက သံလွင်မြစ်ကူးတံတားကို ဖေဖော်ဝါရီ ၁၂ ရက်ကစပြီး ဖြတ်သန်းသွားလာခွင့် ယာယီပိတ်လိုက်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတယောက်က “တံတားပေးမဖြတ်ဘူး၊ မနေ့မနက်က စပိတ်တာပေါ့။ စစ်သားတွေ အများကြီးရောက်လာပြီး စစ်ကြောင်းထိုးတာပေါ့၊ သူတို့ စစ်ကြောင်းထိုးပြီဆိုတော့ လေယာဉ်တွေ ဒရုန်းတွေ အကုန်သုံးတာကိုး၊ အဲ့တော့ အန္တရာယ် အရမ်းများတော့ ပြည်သူတွေ ထိခိုက်နစ်နာမှာစိုးလို့ ယာယီပိတ်တာ” လို့ ပြောပါတယ်။
ဖားဆောင်းမြို့ထဲမှာ နောက်ဆုံးကျန်နေတဲ့ ခလရ ၁၃၅ တပ်ကနေ တံတားဘက်အခြမ်းတွေကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်သလို ဒရုန်းတွေသုံးပြီး ဗုံးမကြာခဏလာကြဲနေတဲ့အတွက် တံတားကို ယာယီပိတ်တာလို့ ဖားဆောင်းဘက်မှာရှိနေတဲ့ DVB ရဲ့ စစ်ရေးရင်းမြစ်က ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကလည်း တံတားအနီးနားကို ၆၀ မမ လက်နက်ကြီးကျလို့ လူထိခိုက်မှု မရှိပေမဲ့ လမ်းနဲ့ တံတား အနည်းငယ် ပျက်စီးခဲ့ပါတယ်။
ဖားဆောင်းမြို့ကို စစ်ကောင်စီက လေကြောင်းကနေရော မြေပြင်ကနေပါ စစ်ကူပို့နေပြီး မြို့မကျဖို့အတွက် အခုလို လက်နက်ကြီးတွေနဲ့ရော လေကြောင်းကနေပါ ဆက်တိုက် တိုက်ခိုက်မှုတွေ လုပ်နေတာလို့ စစ်ရေးရင်းမြစ်က ပြောပါတယ်။
“စစ်ကြောင်းက နန်းကစ်(ကျေးရွာ)နဲ့ ပါပု(ကျေးရွာ) နားရောက်လာလို့ ထိတွေ့မှုတွေ ဖြစ်နေတယ်။ ဒါကြောင့် အရပ်သားတွေရှိတဲ့ နေရာတွေကို လှမ်းပစ်တာလည်း ဖြစ်နိုင်တယ်။”
ဖားဆောင်းမှာ စစ်ကောင်စီတပ်ရင်း ခလရ ၁၃၄ နဲ့ ၁၃၅ နှစ်ခုရှိတဲ့အနက် ၁၃၄ ကို ပြီးခဲ့တဲ့နှစ် ဇွန်လမှာ ကရင်နီတပ်ပေါင်းစုအဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။
ဒါကြောင့် အခုနောက်ဆုံးကျန်နေတဲ့ ခလရ ၁၃၅ မကျဖို့ကို ဒီဇင်ဘာလတည်းက စစ်တပ်က စစ်ကူတွေ ပို့နေတာ ဖြစ်ပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်ကလည်း လက်ရှိ စစ်ရေးအခြေအနေကြောင့် ဖရူဆို-ထားလဲ-နန်းဖဲ-ဘောလခဲ လမ်းတွေအားလုံးကို ရက်အကန့်အသတ်မရှိ ပိတ်ထားကြေင်း သတိပေးထားပါတယ်။


