ကရင်နီပြည်နယ် ရှေ့တန်းတနေရာမှာ ကယန်းအမျိုးသားတပ်မတော် (KNA) က ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ တပ်ရင်းက ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ကျဆုံးခဲ့ရသူက KNA အမှတ် ၂၁၀၇ တပ်ရင်းက ရဲဘော် ဇင်လင်းဖြိုးဖြစ်ပြီး ဖားဆောင်း ထူးချောင်းတိုက်ပွဲမှာ တိုက်ပွဲဝင်ရင်းကနေ ဇန်နဝါရီ ၁၄ ရက်က ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
KNA ပြန်ကြားရေး တာဝန်ရှိသူက “တပ်ရင်း ၂၁၀၇ ရဲ့ တပ်သားအနေနဲ့ပါဝင်တယ်။ စစ်မြေပြင်မှာ ရန်သူနဲ့ ထိတွေ့ရင်ဆိုင်ရင်းနဲ့ ရန်သူရဲ့ လက်နက်ကြီးအစထိပြီးတော့ ကျသွားတာပေါ့နော်”လို့ ပြောပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီနဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံအပါအဝင် ကယန်းအမျိုးသားတွေအတွက် တော်လှန်တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရလို့ အာဇာနည်သူရဲကောင်းအနေနဲ့ ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။
KNA က စစ်ကောင်စီတပ်ကို မဟာမိတ်တပ်တွေနဲ့အတူ ရှေ့တန်းစစ်မျက်နှာပြင်တွေမှာ ပါဝင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်မှာ KNA က တပ်ရင်း ၁၃ ရင်းအထိ တိုးချဲ့ဖွဲ့စည်းခဲ့ကြောင်းနဲ့ ဗဟိုဌာနချုပ် ရုံးချုပ်ဖွင့်ပွဲ ပြုလုပ်ခဲ့ပါတယ်။






