
မကွေးတိုင်း၊ သရက်ခရိုင်အတွင်းက ကံမမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်လိုက်ပါတယ်။
ကံမမြို့နယ် ရေနံ့သာရဲကင်းစခန်းကနေ ကား ၃ စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်လောက်ဟာ ဇန်နဝါရီ ၁၅ ရက်က ပုညိုကျေးရွာမှာ ကားတွေထားခဲ့ပြီး ခြေလျင်စစ်ကြောင်းထိုးလာရာ မင်းကျေးရွာအနီး ညနေ ၃ နာရီလောက်မှာ PDF တပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးခဲ့ပြီးနောက် ဆက်လက် စစ်ကြောင်းထိုးခဲ့ပြီး တောမကုန်းကျေးရွာအရောက်မှာတော့ အရပ်သားတွေရဲ့ ပစ္စည်းဥစ္စာတွေကို အဓမ္မယူဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်စောင်းကျေးရွာအထိ စစ်ကြောင်းထိုးခဲ့ပြီးနောက် ရေနံသာရဲကင်းစခန်းကို ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့ ညဘက်မှာတော့ PDF တပ်ဖွဲ့တွေဘက်က ရေနံသာရဲကင်းစခန်းကို ၄၀ မမ ၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ စခန်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် ထိခိုက်မှုတွေ ရှိနိုင်တယ်လို့ PDF သရက်ခရိုင်တပ်ရင်း ၄ က ပြောပါတယ်။
ကံမ၊ သရက်နဲ့ မင်းတုန်းမြို့နယ်တွေမှာ စစ်တပ်က နယ်မြေထိန်းချုပ်စိုးမိုးနိုင်ရေးအတွက် ဆက်တိုက်စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
မြေပြင်မှာ စစ်ရေးတင်းမာနေတဲ့အတွက် ဒေသခံပြည်သူတွေ စစ်ရေးသတိနဲ့ နေထိုင်ကြဖို့၊ စစ်ကောင်စီရဲ့ လေကြောင်းရန်၊ လက်နက်ကြီးအန္တရာယ်တွေအတွက် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားကြဖို့ PDF သရက်ခရိုင်တပ်ရင်း ၄ က တိုက်တွန်းနှိုးဆော်ထားပါတယ်။


