
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ မင်းပြင်နဲ့သိုင်းချောင်း ပတ်ဝန်းကျင်ကို စစ်ကောင်စီက ဇန်နဝါရီ ၁၃ ရက် ညမှာ ဒရုန်းဗုံး ၁၀၀ ခန့်ကြဲချပြီးနောက် ထိုးစစ် ပြန်လည်စတင်လာတာကြောင့် တိုက်ပွဲ ပြင်းထန်နေတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“မနေ့ညကဆို ဒရုန်းဗုံးနဲ့ ပတ်ဝန်းကျင်ကို တအားချနေတယ်။ ဒီမနက်တော့ မင်းပြင်နဲ့ သိုင်းချောင်းကြားမှာ တိုက်ပွဲပြင်းနေတယ်။”
ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းကတည်းက အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက် တိုက်ပွဲပြင်းထန်နေပြီး အမှတ် ၃၂ ရဲတပ်ရင်းကလည်း လက်နက်ကြီး ဒရုန်းပစ်ကူပေးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေ သစ်ပုတ်တောင်တိုက်နယ်မှာ ဇန်နဝါရီ ပထမအပတ်က တိုက်ပွဲအတွင်း အထိနာကာ နောက်ဆုတ်နေရပြီး လက်ကျန်အင်အားစုဖွဲ့ကာ ရဲတပ်ရင်း ၃၂ ကနေ မင်းပြင်ဘက် တကျော့ပြန် ထိုးစစ်ဆင်လာတာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။
“သစ်ပုတ်တောင်ဘက် နောက်ဆုတ်တယ်၊ အခု ၃၂ ရဲတပ်ရင်းကနေ မင်းပြင်ဘက်ကို ပြန်ထိုးတယ်၊ လက်ရှိ တိုက်ပွဲက ပြင်းနေတုန်းပါ။”
ကျောက်ဖြူမှာ စစ်ကောင်စီတပ်က သိုင်းချောင်းဆည်တောင်နဲ့ မင်းပြင် မိုးလေဝသရေဒါတောင်ပေါ်မှာ တပ်စွဲထားပြီး AA ဘက်ကလည်း ဝိုင်းရံပိတ်ဆို့ထားပါတယ်။
အဆိုပါ ပိတ်ဆို့ခံထားရတဲ့ စခန်းတောင် ၂ ခုကို အမှတ် ၃၂ ရဲတပ်ရင်းကနေတဆင့် လေးခွဆုံကနေပြီး ထိုးစစ်ကို အင်အား ၂၀၀ ခန့်နဲ့ ဝင်ရောက်လာပြီး AA နဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ် ပြောကြားချက်အရ သိရပါတယ်။


