
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကသာမြို့မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး မြို့အတွင်းက နေအိမ်တွေလည်း ဖောက်ထွင်းခံနေရတယ်လို့ မြို့ခံစစ်ရှောင်တွေက ပြောပါတယ်။
မြို့အနီးစစ်ရှောင်နေသူက “ကျနော်သိသလောက်ကတော့ ကသာမြို့မှာ သူခိုးတွေ တအားဖောက်ထွင်းနေတယ်ဗျ။ နောက်ပြီး မြို့က လောလောဆယ် ဒီနေ့လည်း မီးထပ်လောင်နေတာတော့ တွေ့ရတယ်။ မီးခိုးတန်းကြီးမြင်နေရတယ်။ မြို့ထဲမှာ လူကျန်သေးတာတော့ သေချာတယ်။ တိုက်ပွဲကလည်းဖြစ်နေတာပဲ ဘယ်နား ဖြစ်နေလဲတော့ မသိဘူး အစ်ကို။ ဒါပေမဲ့ တဒုန်းဒုန်းနဲ့တော့ ကြားနေရတယ်” လို့ ပြောပါတယ်။
မြို့ထဲကနေအိမ်တွေ ဖောက်ထွင်းခံနေရတာသေချာကြောင်းနဲ့ မြို့ထဲပြန်မဝင်ရသေးလို့ အခြေအနေ အသေးစိတ်ကို မပြောနိုင်သေးကြောင်း တခြားဒေသခံတွေကလည်း DVB ကို ပြောပါတယ်။
အလားတူ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကသာမြို့စွန်က ပိန္နဲကုန်းရွာဝန်းကျင်က နေ အိမ်တချို့ မီးလောင်နေကြောင်း သိရပါတယ်။
ကသာခရိုင် ရဲဘော်တယောက်ကတော့ “ကသာရော၊ ဗန်းမောက်ဘက်မှာပါ တိုက်ပွဲဖြစ်နေတာ ဟုတ်တယ်” လို့ ပြောပြီး အသေးစိတ်ကိုဖြေဆိုဖို့ ငြင်းဆန်ပါတယ်။
တိုက်ပွဲအနေနဲ့ကတော့ ကသာမြို့ဆီကို လေယာဉ်မလာတာ ၃ ရက်ဝန်းကျင်ရှိလာပြီဆိုပေမဲ့ ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်မှာတော့ လေကြောင်းကနေ ခမရ ၃၀၉ ထဲကို လက်နက်ခဲယမ်း နဲ့ ရိက္ခာတွေ လာချသွားတယ်လို့ မြို့ခံက ပြောပါတယ်။
၂၀၁၄ ခု သန်းခေါင်စာရင်းအရ ကသာမြို့မှာ လူဦးရေ ၁၆၀,၀၀၀ ကျော်နေထိုင်ကြခဲ့ပြီး မြို့ခံစစ်ရှောင်အများစုကတော့ နီစပ်ရာကျေးရွာနဲ့ မြို့တွေဆီ တိမ်းရှောင်နေကြကာ စားဝတ်နေရေး အခက်အခဲ ကြုံနေရတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။


