
အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူအားလုံး လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကြီးကို တည်ဆောက်နိုင်ဖို့အတွက် စစ်ရေး၊ နိုင်ငံရေး အရ ဟန်ချက်ညီညီ ဆက်လက်တိုက်ပွဲဝင်သွားကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာကျရောက်တဲ့ ၇၉ နှစ်မြောက် ပင်လုံစာချုပ် ချုပ်ဆိုတဲ့ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားကို NUG အစိုးရက ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်း ပြောကြားလိုက်တာပါ။
၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ပင်လုံညီလာခံကျင်းပပြီး တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီရေးတို့ကို အပြန်အလှန် လေးစား အသိအမှတ်ပြုကာ သာတူညီမျှ စည်းစည်းလုံးလုံးနဲ့ နေထိုင်ကြမယ်လို့ သန္နိဋ္ဌာန်နဲ့ သမိုင်းဝင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။
ပင်လုံစာချုပ်ဟာ တိုင်းရင်းသားလူမျိုးတွေအကြား ယုံကြည်မှုနဲ့ နားလည်မှုကို အခြေခံပြီး လွတ်လပ်ရေးကို အရယူနိုင်ခဲ့တဲ့ အခြေခံအုတ်မြစ်ဖြစ်ရုံသာမက အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးဆိုတဲ့ နိုင်ငံရေး အနှစ်သာရကို ဖော်ဆောင်တာဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ အစိုးရအဆက်ဆက်က အထူးသဖြင့် စစ်အာဏာရှင်အုပ်စုက ပင်လုံစာချုပ်ပါ ကတိကဝတ်နဲ့ ပင်လုံစိတ်ဓာတ်ကို လက်တွေ့အကောင် အထည်ဖော်ဖို့ ပျက်ကွက်ခဲ့လို့ လွတ်လပ်ရေးရပြီးချိန်ကစလို့ ပြည်တွင်းပဋိပက္ခတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေဖြစ်ပွားကာ တိုင်းပြည်မှာ ဘက်ပေါင်းစုံကနေ ချွတ်ခြုံကျခဲ့သလို တိုင်းရင်းသားပြည်သူတွေ လိုလားတောင့်တတဲ့ ငြိမ်းချမ်းရေးနဲ့ ဝေးကွာခဲ့ရတယ်လို့ NUG ကဆိုပါတယ်။
NUG အစိုးရအနေနဲ့ တော်လှန်ရေးအင်အားစုအားလုံးနဲ့အတူ အပြန်အလှန် ယုံကြည်မှု၊ လေးစားတန်ဖိုးထားမှုတို့နဲ့ လက်တွဲညီညီ ချီတက်နေကြပြီး စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်မှန်သမျှ အပြီးတိုင်ချုပ်ငြိမ်းရေး၊ လူမျိုးကြီးဝါဒနဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒတွေ တိုက်ဖျက်ရေးတို့ကို အလေးအနက် သန္နိဋ္ဌာန်ပြုတယ်လို့လည်း ဆိုပါတယ်။
NUG ယာယီသမ္မတ ဒူဝါလရှီးလကတော့ “ကျနော်တို့နိုင်ငံဟာ တကယ့်လက်တွေ့မှာ ပြည်ထောင်စုပုံစံ မဟုတ်ဘဲ၊ တပြည်ထောင်ပုံစံနဲ့ အုပ်ချုပ်စုစည်းခံခဲ့ရတာ ဖြစ်ပါတယ်။ ကျင့်သုံးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ပြန်လည် သုံးသပ်ကြည့်ရင်လည်း မြန်မာနိုင်ငံဟာ တပြည်ထောင်စနစ်သာဖြစ်တယ်လို့ အဖြေထွက်ပါတယ်။ အင်အားကြီး လူမျိုးစုတစု၊ အင်အားကြီး အုပ်စုတခုရဲ့ ခြယ်လှယ်စိုးမိုးမှုနဲ့ တိုင်းရင်းသားအားလုံးဟာ “ငြိမ်-ဝပ်-ပိ-ပြား” အောင်၊ ဖိနှိပ်ခံခဲ့ရတာ ဖြစ်ပါတယ်” လို့ ပင်လုံစာချုပ် ချုပ်ဆိုတဲ့ အထိမ်းအမှတ်အခမ်းအနားမှာ ပြောပါတယ်။
တိုင်းရင်းသားပြည်သူတရပ်လုံးအနေနဲ့ အထွေထွေနစ်နာဆုံးရှုံးမှုတွေကို ယနေ့ အချိန်ကာလမှာ၊ အဆုံးသတ်နိုင်ဖို့ လိုနေပြီး ပြည်သူတရပ်လုံးရဲ့ ဆင်းရဲဒုက္ခနဲ့ အထွေထွေ အကျပ်အတည်းကို လျစ်လျူမရှုကြဖို့၊ လူမျိုးစုခေါင်းဆောင်အသီးသီးက အမြော်အမြင်ကြီးကြီး၊ သဘောထားကျယ်ကျယ်ပြန့်ပြန့်နဲ့ ပေါင်းစည်းခေါင်းဆောင်နိုင်ကြဖို့လည်း ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။
အလားတူ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း မျိုးဆက်သစ်တွေကို မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးနိုင်တဲ့၊ တန်းတူညီမျှမှုရှိတဲ့၊ တခြားသူတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ၊ ဓလေ့ထုံးတမ်းတွေကို လေးစားတဲ့ လူ့အသိုက်အဝန်းတခုကို ဖန်တီးနိုင်မဲ့ အမွေကို ပေးနိုင်ကြဖို့အတွက် ဝိုင်းဝန်းကြိုးပမ်းရင်း ရှေ့ခရီးဆက်ကြဖို့ တိုက်တွန်းပြောပါတယ်။
“ကျနော်တို့ရဲ့ အနာဂတ်မျိုးဆက်တွေလက်ထဲကို ရေခံမြေခံကောင်းပြီး၊ အစွမ်းကုန်တိုးတက်ဖို့ တာဆူနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး ထည့်ပေးနိုင်ဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ဒါ့အပြင် ကျနော်တို့ အနာဂတ်မျိုးဆက်ကိုပေးမဲ့ ဖက်ဒရယ်ဆိုတဲ့ အမွေဟာ တူညီဝတ်စုံတွေ ဝတ်ပြီး အခမ်းအနားကျင်းပရုံ၊ သီချင်းသံပြိုင်ဆိုကြရုံ မဟုတ်ပါဘူး။ မိမိတို့ ကိုယ်ပိုင်အမွေအနှစ်တွေ၊ ဓလေ့ထုံးတမ်းတွေကို မြတ်နိုးတဲ့၊ မိမိတို့ကံကြမ္မာ မိမိတို့ဖန်တီးနိုင်တဲ့၊ တန်းတူညီမျှမှုရှိတဲ့၊ တခြားသူများရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေ၊ ဓလေ့ထုံးတမ်းတွေကို လေးစားတဲ့ လူ့အသိုက်အဝန်းတခုကို ဖန်တီးနိုင်မဲ့ အမွေကို ပေးနိုင်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီအတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်းရင်း ရှေ့ခရီးဆက်ကြဖို့ တိုက်တွန်းပြောလိုပါတယ်။”
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ နယ်မြေဒေသတချို့မှာ တည်ငြိမ်အေးချမ်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းကို ပျက်ပြားအောင် အဆိုပါဒေသရှိ အကြမ်းဖက်သမားတွေက ဆောင်ရွက်နေတာဖြစ်တယ်၊ ဒေသခံတိုင်းရင်းသားတွေဟာ လူမှုစီးပွားဘဝနိမ့်ကျမှု၊ အသက်အန္တရာယ် ထိခိုက်ဆုံးရှုံးနေပြီး ဒီဖြစ်စဉ်တွေကြောင့် လူမှုစီးပွားဘဝတွေ ကျဆင်းလာကာ ပြည်သူတွေ ဆင်းရဲဒုက္ခ ကြီးမားလာတယ်လို့ ပြည်ထောင်စုနေ့အထိမ်းအမှတ် သဝဏ်လွှာမှာ ပြောပါတယ်။
ခေတ်မီပြည်သူ့ကာကွယ်ရေးစနစ်ကို ကြိုးပမ်းဖော်ဆောင်မယ်၊ ကမ္ဘာတည်သရွေ့ တပ်မတော် တည်ရှိနေမယ်၊ တပ်မတော်တည်ရှိနေသရွေ့ ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲနေမယ်လို့လည်း ပြောပါတယ်။


