
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် တောင်ပိုင်းက ဒေသခံတွေနဲ့ စစ်ဘေးသင့်ပြည်သူတွေက ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းမှာ ရွှေတူးဖော်လုပ်ကိုင်ခွင့်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ထံ တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြတောင်းဆိုသူ ဒေသခံ ခေါင်းဆောင်တယောက်က “ကျနော်တို့မှာက လုပ်စားစရာ အလုပ်အကိုင်က မရှိဘူး။ ကိုယ့်ဒေသတွင်း လုပ်ကိုင်လို့ရတဲ့ အလုပ်ကိုတော့ လုပ်ကိုင်ချင်တာပေါ့။ အခုဟာက သူတို့ NUG အစိုးရရဲ့ ပြည်ထောင်စုအဆင့်က သယံဇာတဝန်ကြီးနဲ့ မြို့နယ်သယံဇာတက လူကြီးတွေက ဒေသခံတွေကို လုပ်ကိုင်ခွင့် မပေးဘူးဗျာ။ ခရိုနီတွေနဲ့ ဝန်ကြီးဌာနက လူကြီးနဲ့ ခင်တဲ့လူတွေ လုပ်ကိုင်နေကြတာ” လို့ ပြောပါတယ်။
ဗန်းမောက်မြို့နယ်မှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ပြီး ရွှေတူးဖော်မှုလုပ်ငန်းကို NUG အစိုးရရဲ့ သယံဇာတဝန်ကြီးဌာနက ကုမ္ပဏီတွေနဲ့ စမ်းသပ်လုပ်ကိုင်ခဲ့တာဖြစ်ပြီး ဒေသခံတွေကို လုပ်ကိုင်ခွင့်မပေးဘူးလို့လည်း ဒေသခံတွေက ပြောပါတယ်။
ဗန်းမောက်ဒေသခံတွေရဲ့ ဆန္ဒပြ ပြောဆိုချက်တွေကို NUG သယံဇာတဝန်ကြီးဌာနဘက်ကို သဘောထား သိရနိုင်ဖို့ DVB အနေနဲ့ ဆက်သွယ်မေးမြန်းထားပေမဲ့ အခုအချိန်အထိ အကြောင်းပြန် ဖြေကြားမှု မရှိသေးပါဘူး။
ဒေသခံတယောက်ကလည်း “အရင် မြို့နယ်သယံဇာတ ကိုအာကာ လက်ထက်တုန်းကလည်း ၂၀၂၃ ခုနှစ် ဒီဇင်ဘာလပိုင်းကစပြီး စမ်းသပ်ကာလဆိုပြီး ရွှေတူးဖော်တာ စတာဗျ။ ဒီထက်မက ပြည်ထောင်စုအဆင့် သယံဇာတဝန်ကြီးရုံးလည်း ရှိတယ်ဗျ။ ရလာတဲ့ အခွန်ငွေက NUG အစိုးရထံ ရောက်လား၊ မရောက်လားတော့ မသိဘူး။ မြေပြင်မှာတော့ အဖွဲ့တွေက ပြည်သူတွေအပေါ် အနိုင်ကျင့်နေကြတာ။ ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး ဖြစ်နေပြီ” လို့ ထပ်မံ ပြောဆိုပါတယ်။
ဗန်းမောက်မြို့နယ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရက သယံဇာတတူးဖော်လုပ်ငန်း ရွှေတူးဖော်မှုကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာအတွင်းက စတင်ပြီး စမ်းသပ်လုပ်ကိုင်ခဲ့ကာ ၂၀၂၄ ခုနှစ် မတ်လအတွင်းက စတင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရထံ ရွှေတပိဿာနဲ့ ငွေကြေး သိန်းပေါင်း ၁၅,၀၀၀ အခွန်ပေးဆောင်ရတာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။


