Home
မြန်မာသတင်း
ထိုင်းနိုင်ငံ၏စည်းကမ်းအတိုင်းနေထိုင်ကြရန် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို တိုက်တွန်း
DVB
·
February 11, 2026

ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု ပါဝင်တဲ့ ၁၄ ရက်တာ စည်းကမ်းနဲ့ ငြိမ်ငြိမ်သက်သက် နေထိုင်တဲ့ ကမ်ပိန်းကာလ ပြီးသွားပြီဖြစ်ပေမဲ့ ကမ်ပိန်းကာလအတိုင်း စည်းကမ်းနဲ့ ဆက်နေထိုင်သွားကြဖို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အချင်းချင်း ဆက်လက်နှိုးဆော်ကြပါတယ်။

ထိုင်းနိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခတွေကို မလိုလားဘဲ အေးချမ်းစွာ နေထိုင်လိုကြောင်း ပြသတဲ့ ၁၄ ရက်တာ စည်းကမ်းနဲ့နေထိုင်ခြင်းဆိုတဲ့ ကမ်ပိန်းကို ဇန်နဝါရီ ၂၆ ရက်ကစပြီး ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားအများစု ပူးပေါင်းပြီး လုပ်နေခဲ့တာ ဖေဖော်ဝါရီ ၈ ရက်မှာ ကမ်းပိန်းကာလ ပြီးသွားခဲ့တာပါ။

ဘန်ကောက်၊ မဟာချိုင်၊ အယုဒ္ဓယ၊ မဲဆောက်မြို့ တို့က မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများဆုံး ပါဝင်ခဲ့ပြီး ၁၄ ရက်တာ ကာလအတွင်း လူမျိုးရေးပဋိပက္ခပုံစံ ဖန်တီးတဲ့ ကိစ္စတွေကို ရှောင်နိုင်ခဲ့ပြီး ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့နည်းအပေါ် ထိုင်းလူမျိုးအများစုက လက်ခံတဲ့ရလဒ်တွေ ရှိခဲ့တယ်လို့ ကမ်ပိန်းနှိုးဆော်သူတွေထဲက တယောက်ဖြစ်တဲ့ ကိုရဲမင်း (AAC) က ဆိုပါတယ်။

“ဒီ ၁၄ ရက်ကမ်ပိန်းက ကျနော်တို့ ထိုင်းရောက် အလုပ်သမားထုတွေ ကြားထဲမှာ အမှတ်တရ ဖြစ်ကျန်ခဲ့တဲ့ ၁၄ ရက်တာကာလ ဖြစ်တယ်။ ဒီလိုလှုပ်ရှားမှုမျိုး တကြိမ်တခါမှ မရှိခဲ့ဘူး။ ဒါ ကျနော်တို့ ဆူပူတာမဟုတ်ဘူး၊ ဆန္ဒပြတာ မဟုတ်ဘူး။ ဒီ ၁၄ ရက် လှုပ်ရှားမှုလေးမှာ အကျိုးအမြတ် ရလိုက်တာက ဘာလဲဆိုတော့ အလုပ်သမားတွေ ငါတို့တွေ စည်းကမ်းမဲ့ နေထိုင်ခဲ့တာတွေ ရှိခဲ့တာပဲ၊ ငါတို့နေထိုင်မှုတွေ တချို့ဟာတွေ လွဲချော်မှုတွေ ရှိခဲ့တာပဲ၊ ဒီလိုနေရင်ရင် ဒီလိုကောင်းကျိုးတွေ ရပါလားဆိုတဲ့ အသိအမြင်တွေ ရသွားတာက ဒီကမ်ပိန်းရဲ့ အကြီးဆုံး အကျိုးအမြတ်ပဲ။”

၁၄ ရက်တာ စည်းကမ်းနဲ့ နေထိုင်ခြင်းဆိုတဲ့ ကမ်ပိန်းကို ထိုင်းရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမား အများစု ပူးပေါင်းပြီး လုပ်နေတဲ့အချိန်ဟာ ထိုင်းနိုင်ငံမှာလည်း ထိုင်းဒုတိယရဲချုပ် အမိန့်နဲ့ တရားမဝင် ဝင်ရောက်နေထိုင်မှုတွေကို ပိုပြီး တင်းကျပ်စစ်ဆေးနေတဲ့ အချိန်မို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ကနေ ၅ ရက်အထိ ၃ ရက်အတွင်း မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၇ ယောက် အဖမ်းခံခဲ့ရပါတယ်။ ဒါကြောင့် ၁၄ ရက်တာ ကမ်ပိန်းကာလအတွင်း နေထိုင်မှုပုံစံမျိုးနဲ့ ဆက်လက်နေထိုင်သွားကြဖို့ကို အလုပ်သမားရေး ကူညီနေသူတွေက သတိပေး တိုက်တွန်းနေတာလည်း ဖြစ်ပါတယ်။

အလုပ်သမားရေးကူညီနေသူတယောက်က “ဥပဒေတွေကို အလုပ်သမားတွေ အနေနဲ့ လေ့လာသင့်တယ်။ သူတို့အခွင့်အရေးတွေ မဆုံးရှုံးဖို့ပေါ့။ လူမှုပတ်ဝန်းကျင်မှာ အမျိုးသား အစွန်းရောက်တွေက စောင့်ကြည့်နေတဲ့ကာလ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့။ အခုကလည်း ရွေးကောက်ပွဲ ပြီးလာပြီဆိုတော့ ရွေးကောက်ပွဲမှာ အစိုးရအသစ်ရဲ့ အလုပ်သမားနဲ့ပတ်သက်တဲ့ ထုတ်ပြန်ကြေညာချက် မူဝါဒတွေ၊ အပြောင်းအလဲတွေ ရှိရင်ရှိမှာပေါ့နော်။ အဲဒါကြောင့်မို့ ထိုင်းကလည်း မြန်မာကို လိုအပ်တာရှိသလို မြန်မာကလည်း ထိုင်းကို အချိန်ကာလတခု အနေနဲ့ အားကိုးရမယ်။ နေထိုင်ရမယ့်ကာလ ရှိနေတဲ့အခါကျတော့ အပြန်အလှန် သဟဇတဖြစ်မဲ့ လူနေမှုပတ်ဝန်းကျင်ကိုတော့ အလေးပေးပြီးမှ နေထိုင်သင့်တယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ထိုင်းရွေးကောက်ပွဲအလွန် တက်လာမဲ့ အစိုးရသစ်ရဲ့ မူဝါဒ အပြောင်းအလဲတွေကလည်း ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေအပေါ် သက်ရောက်မှု ရှိလာနိုင်တဲ့အတွက် ထိုင်းဥပဒေနဲ့ မလွတ်ကင်းတဲ့ ကိစ္စတွေမှာ ဝင်မပါဖို့၊ ပတ်ဝန်းကျင် အနှောင့်အယှက်ဖြစ်အောင် နေထိုင်တာတွေ မလုပ်ဖို့နဲ့ အုပ်စုလိုက် အရက်သေစာသောက်စားတာတွေကို ရှောင်ပြီး ၁၄ ရက်တာကမ်ပိန်းအတိုင်း ဆက်လက် နေထိုင်သွားဖို့ကိုလည်း မြန်မာအလုပ်သမားအချင်းချင်းတွေကြားမှာလည်း သတိပေးနေကြပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013