Home
ဆောင်းပါး
ပြည်ပြေးဘဝ ရာဇဝတ်သားပမာ
DVB
·
January 24, 2026

နှိုးစက်သံ မြည်တာနဲ့ အပျင်းကြောတချက် မဆန့်ဘဲ ငေါက်ခနဲ ထမိတယ်။ ညကတည်းက ဦးနှောက် ထဲ Memory ရိုက်သွင်းထားပြီးသားမို့ ထပ်စဉ်းစားနေစရာမလို။ စီပြီးသား အစဉ်အတိုင်း မျက်နှာသစ် ပြီးတာနဲ့ အားကစားဘောင်းဘီစွပ်ကာ စက်ဘီးပေါ်တက်ခွလိုက်တယ်။

အခုမှ မနက် ၅ နာရီခွဲကျော်၊ နှင်းမှုန်မြမြက သိုင်းရစ်ဆဲမို့ အမှောင်ထု ခပ်ကဲကဲ။ အအေးဓာတ်က စိမ့်နေဆဲဆိုပေမဲ့ မုန်တိုင်းထန်နေတဲ့ မဲဆောက်မှာ ဘာအထောက်အထားမှမရှိတဲ့ ပြည်ပြေးတွေရဲ့ ရင်ထဲဘယ်လို အေးနိုင်မှာလဲ။

၃ ရက်ဆက် မဲဆောက်ဈေးထဲ အဖွဲ့စုံဝင်မွှေသွားတယ်။ အဖွဲ့စုံဆိုတာက တောမောင်း(လဝက)၊ မြို့နယ်အုပ်ချုပ်ရေးနဲ့ ရဲ၊ စစ်သားတွေတော့ မပါသေးဘူးလို့ ပြောကြတယ်။ မဲဆောက်ဈေးထဲက တရားမဝင် အလုပ်လုပ်နေသူတွေကို ဆွဲစေ့။ ပိုက်ဆံမပေးနိုင်ရင် ထောင်ထဲသွား။ ထောင်ထဲကနေ ပြန်လွတ်လာရင် ဟိုဘက်ကမ်း (မြဝတီ) ပြန်သွန်မယ်ဆိုတော့ တရားမဝင်တွေ အကုန် ယောက်ယက်ခတ်ကြရ။

ရဲကတ်ကလွဲ ဘာအထောက်အထားမှမရှိတဲ့ ကိုယ်လည်း ကြောက်ရတယ်။ မနက်ခင်းစောစောမို့ အဖမ်းအဆီးမရှိဘူးလို့ဆိုပေမဲ့ အခုလို မုန်တိုင်းကာလ မနက်အစောကြီး ထမဖမ်းဘူးလို့ ဘယ်သူက အာမခံနိုင်တာမို့လဲ။ ဒါနဲ့ မနက်ခင်းပြုမြဲ ကျန်းမာရေးအတွက် စက်ဘီးနင်းတာကို ခဏ ရပ်ထား လိုက်တယ်။

ဇန်နဝါရီ ၁၈ ရက် တနင်္ဂနွေမှာတော့ ကြက်ရိုးနဲ့ပဲ ရောသမမွှေချင်တာကြောင့် မဖမ်းနိုင်ဘူးလို့ ထင်ရတဲ့ မနက်စောစောမှာ သူခိုးတကောင်ရဲ့ မျက်လုံးလို ကျီးကန်းတောင်းမှောက် ကုပ်ချောင်းချောင်း။ ဈေးထဲကို တည့်တည့်ဖောက်ဝင်တဲ့လမ်းက အလွန်ဆုံးစက်ဘီးနင်းရ ၁၀ မိနစ်စွန်းရုံ ဆိုပေမဲ့ ပစ်မှတ်ဖြစ်နေတဲ့ မဲဆောက်ဈေးတည့်တည့် ဖောက်မဝင်ရဲတာကြောင့် မိနစ် ၂၀ လောက်နင်းရတဲ့ လမ်းတွေဘက်က ကွေ့ဝိုက်ရတယ်။ မဲဆောက်မြို့ဆိုတာက လမ်းကြို လမ်းကြားတွေ ပေါလိုက်တာမှအလွန်။ ကိုယ်ကလည်း လမ်းမြင်ရင် လှမ်းဝင်ချင်တဲ့ရောဂါက ရှိနေတော့ ဘယ်လမ်းကဝင်ရင် ဘယ်ကိုရောက်မယ်ဆိုတာ ကျွမ်းပြီးသား။

ဒါနဲ့ မဲဆောက်အပေါ်ဈေးကို ဘေးကနေ ပန်းပြီး ဝင်လိုက်တယ်။ မိုးက သိပ်မလင်းသေးတာကြောင့် ဆိုင်တိုင်းက လျှပ်စစ်မီး ထိန်ထိန်။ အရပ်လေးမျက်နှာ အခြေအနေကြည့်လိုက်တော့ ရုတ်ရုတ်လှုပ်လှုပ်တွေ မရှိတာမို့ အိုကေ။

ကြက်ရိုး တကီလို ဝယ်လိုက်တယ်။ ကြက်ရိုးဆိုတာက ကြက်ခေါင်းကနေ ရင်အုံအထိ အတွဲလိုက် အရိုးတွေချည်း နွှင်ထားတာမို့ တကီလိုမှ ဘတ်၂၀။ အသာလေးမျှင်မျှင်ကလည်း အရိုးတွေမှာ ကပ်နေသေးတာမို့ ပြည်ပြေးတို့အကြိုက်တွေ့ကြတဲ့ ပေါချောင်ကောင်းအမယ်။

ဘောင်းဘီအိတ်ထဲ အရန်သင့်ထည့်ထားတဲ့ ဘတ် ၂၀ ကို ထုတ်ပေးကာ ဈေးပရဝဏ်ထဲက မြန်မြန် ထွက်လာလိုက်တယ်။ ပြီးတော့ လူနဲ့ကား အသွားနည်းတဲ့ မျက်နှာငယ်လမ်းတွေဘက်ကနေ သတိရှိရှိ အသိရှိရှိနဲ့ ခပ်သွက်သွက်။ ကိုယ့်လမ်းထိပ်ကို ပြန်ရောက်မှပဲ သက်ပြင်းကို တဝက်ချကာ မနက်စာအတွက် ထိုင်းအီကြာကွေး တိုနံ့နံ့လေး ၁၀ ဘတ်ဖိုး ဝယ်လိုက်တယ်။

တန်းလျားကို ပြန်ရောက်လို့ စက်ဘီး ဒေါက်ထောက်ရုံရှိသေး အိမ်နီးချင်းမိတ်ဆွေ ပြည်ပြေးက အပြေးကလေးရောက်လာကာ ဒီနေ့မနက် မဲဆောက်ဈေးအခြေအနေကို မေးတယ်။ ကျနော့်မိတ်ဆွေက တရားဝင်နေထိုင်ခွင့် ပန်းရောင်ကတ်ရှိပြီး လုံးချင်းအိမ်ငှား နေထိုင်နိုင်သူ။ ဒါပေမဲ့၊ ပန်းရောင်ကတ်ရှိလို့ ဘာသာစကားက မပေါက်တာကြောင့် အဖမ်းခံခဲ့ရတဲ့ အရင့်အရင် ဥပမာတွေက ရှိတာမို့ စိုးရိမ်စိတ်ကြီးတဲ့ မိတ်ဆွေကြီး ဖြုံမယ်ဆိုလည်း ဖြုံချင်စရာ။

“အခုပြဿနာက အရင်အခြေအနေနဲ့မတူဘူးဗျ”လို့ မိတ်ဆွေကြီးကဆိုတော့ ကျနော်လည်း အလို အလျောက် ခေါင်းညိတ်မိတယ်။

ဟုတ်တယ်၊ အရင်တုန်းကလည်း မဲဆောက်မှာ မုန်တိုင်းဝင်ခဲ့ဖူးပြီး ထိုင်းအာဏာပိုင်တွေက အိမ်တွေထဲထိ လိုက်စစ်ခဲ့ဖူးပေမဲ့ စီမံချက်အရ လုပ်ဆောင်ခဲ့ကြတာမျိုး။ ၂၀၂၄ ခုနှစ်၊ ဒုတိယ ၆ လအတွင်းက မဲဆောက်မှာ တရားမဝင်အလုပ်လုပ်သူတွေကို ပစ်မှတ်ထား ဖမ်းဆီးခဲ့ဖူးတယ်။ မြန်မာတွေ ဖွင့်ထားတဲ့ဆိုင်တွေကို ဝင်ဖမ်း၊ ထိုင်းဆိုင်တွေမှာ တရားမဝင်ခန့်ထားတဲ့ မြန်မာတွေကို ဝင်ဖမ်းရုံတင်မက ထိုင်းအလုပ်ရှင်တွေကိုပါ ဘတ် သိန်းနဲ့ချီတဲ့ ဒဏ်ကြေးချ။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းတုန်းကလည်း တခါ ရွှေကုက္ကို တရုတ်ကျားဖြန့်တွေက တရုတ် မင်းသားကို ဖမ်းသွားပြီးနောက် မဲဆောက်မှာပါ မီးဟုန်းဟုန်းတောက်ခဲ့တဲ့ ကျားဖြန့်စစ်ဆင်ရေး။ ကျားဖြန့်တွေ မဲဆောက်ရောက်ရင် ဝင်တည်းတတ်တဲ့ ဟိုတယ်တွေ၊ အပတ်မန့်တွေကို ဝင်ရှာရုံတင်မက ကျွဲကူးရေပါ မြန်မာတွေငှားနေတဲ့ အိမ်ခန်းတချို့ကိုပါရှာ။ မြန်မာတချို့ အဖမ်းဆီးခံကြရတော့ ကျားဖြန့်တို့ရဲ့အရှင် တရုတ်တွေကို ဝိုင်းကျိန်ဆဲကြသေးတယ်။

ပြီးတော့ ၂၀၂၅ ခုနှစ်၊ ဇွန်လတတိယပတ်၊ တရားမဝင်ဈေးသည်ရှင်းလင်းရေးစီမံချက်နဲ့ ဩဂုတ်လကုန်ပိုင်းမှာ မဲဆောက်ဈေးထဲက မြန်မာဈေးသည်ချင်း အုပ်စုလိုက် ရိုက်ကြနှက်ကြပြီးနောက် အဖမ်းအဆီး။ အဲဒီလိုအဖွဲ့စုံနဲ့ ဖမ်းလေ့ရှိတဲ့ စီမံချက်ကာလမှာ အမြဲစည်နေတဲ့ မဲဆောက်ဈေးသည်လည်း ခြောက်ကပ်ကပ်။ အနေအထိုင်မတတ်ရင် ထောင်သံမံတလင်း ခေါင်းခင်းရနိုင်တာကြောင့် အထောက်အထားရှိတဲ့ မြန်မာတွေတောင် ခပ်ငြိမ်ငြိမ် အပြင်သိပ်မထွက်။ မဲဆောက်မြို့လမ်းတွေပေါ် လူရောကားပါ အပြောင်။ လမ်းတွေပေါ် ဂိတ်ချစစ်တာတွေ၊ လှည့်ကင်းကားနဲ့ ပတ်စစ်တာတွေလည်း ရှိတာကြောင့် ကိုယ်တွေလို ဘာအထောက်အထားမှမရှိတဲ့ ပြည်ပြေးတွေဆို ကိုယ့်ခြေထောက်ကိုယ် ကြိုးနဲ့အသေအချာတုပ် လမ်းထိပ်တောင် မထွက်ရဲ ကြောက်ရ။ ကိုယ့်တန်းလျားကိုမှ ဆိုက်ဆိုက်မြိုက်မြိုက် လာစစ်တယ်ဆိုရင်တော့ ကံတရားလို့သာ မှတ်လိုက်တော့။

ဒါပေမဲ့၊ အခုတခေါက်ကျတော့ အရင်စီမံချက်တွေနဲ့ မတူ။ ထိုင်းနိုင်ငံ၊ စမွတ်ပရကန်ခရိုင် ဘန်ဘောဒေသမှာ ထိုင်းနိုင်ငံသား ဒယ်လီပို့သမားတွေနဲ့ မြန်မာအလုပ်သမားတွေ ရန်ဖြစ်ကြပြီး နောက်ဆက်တွဲ ထိုင်းမျိုးချစ်အဖွဲ့တွေပါ ပါဝင်လာတာကစလို့ ပြဿနာတွေက တောက်လျှောက်။ ထိုင်းနိုင်ငံတောင်ပိုင်းမှာ လမ်းဘေးရပ်ထားတဲ့ ထိုင်းလူမျိုးပိုင် ကားအစီး ၂၀ လောက်ကို မြန်မာတဦးက အကြောင်းမဲ့ ရိုက်ခွဲဖျက်ဆီးမှု။ ပြီးတော့ အယုဒ္ဓယမှာ မြန်မာလုပ်သားတချို့ ဆူညံအော်ဟစ် အနေအထိုင် မဆင်ခြင်ဘူးလို့ဆိုတဲ့ ပြဿနာ။

အဲဒီလို မြန်မာတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ပြဿနာတွေကနေ မြစ်ဖျားခံလာတဲ့ စီမံချက်ကြီးမို့ ကျနော့်မိတ်ဆွေကြီး ပြောသလို အရင်အခြေအနေတွေနဲ့ မတူတာ အသေအချာ။ ဒီကြားထဲ ဇန်နဝါရီ ၂၀ ရက်က မဲဆောက်မြို့ပြင် မယ်ကုရွာထိပ်မှာ လက်နက်အရောင်းအဝယ်လုပ်တယ်ဆိုတဲ့ မြန်မာ ၂ ဦးကို ရဲက စစ်ဆေးစဉ် သေနတ်နဲ့ ပစ်ပြေးလို့ ထိုင်းရဲတပ်ကြပ်ကြီး ဒဏ်ရာရသွားခြင်းက မီးလောင်ရာ လေပင့်ကြမ်းချက်က အလွန်။

ဒဏ်ရာရ ရဲတပ်ကြပ်ကြီးအတွက် သွေးလိုတယ်ဆိုတော့ တာဝန်သိမြန်မာတချို့ သွေးသွားလှူဒါန်းကာ တပ်ကြပ်ကြီးရဲ့ ဇနီးကို တောင်းပန်ကြတော့ ထိုင်းရောက်မြန်မာများစွာ ဝိုင်း ကျေးဇူးတင်ကြတယ်။ ပြီးတော့ သေနတ်နဲ့ ပစ်ပြေးသွားတဲ့ မြန်မာတယောက်ကို ကေအဲန်ယူက လာပြန်အပ်။ ဒါပေမဲ့၊ မဲဆောက်ကို ဝင်နေတဲ့မုန်တိုင်းက အရှိန်ရနေပြီမို့ ကောက်ကာငင်ကာ လှည့်ပြန်သွားတာမျိုး ဘယ်ရှိလိမ့်မလဲ။ မဲဆောက်ဈေးလို မြန်မာတွေများတဲ့နေရာကို ပစ်မှတ်ထားကာ ရှောင်တခင် ဝင်စစ်၊ လမ်းမတွေပေါ် ဂိတ်ချ၊ တန်းလျားတွေထဲထိဝင်။

အခု ဒီစာကို ရေးနေတဲ့ ဇန်နဝါရီ ၂၃ ရက်၊ ညဦးပိုင်းမှာ ကိုယ်တွေနဲ့ မလှမ်းမကမ်းက မြန်မာတန်းလျား တခုဆီ ထိုင်းအာဏာပိုင်တွေ အလစ်အငိုက် ဝင်ရောက်စစ်ဆေးသွားတာကြောင့် မြင်ရုံနဲ့ အမှုကြီးသွားနိုင်တဲ့  လက်တော့ပ်ကို အမြန်ပိတ်၊ အဝတ်အစားတွေကြားထဲ ထိုးထည့်။ ကျနော်တို့ တန်းလျားတခုလုံးလည်း မီးတွေ အကုန်ပိတ်ကာ တထိတ်ထိတ်။

ညစဉ်မပျက် ရီဝေရောင်ပါးပါးလေးတင်ကာ ခင်မောင်တိုးသီချင်းလေးနဲ့ ငြိမ့်လေ့ရှိတဲ့ အိမ်ဘေးက မိတ်ဆွေကြီးတောင် သီချင်းသံတိတ်လို့ ဘုရားရှိခိုးသံချည်း ကြားနေရတာ လေး၊ ငါးရက် မကတော့။ 

“ပြည်ပြေးဆိုတော့လည်း အပူများလာရင် ဘုရားစာလေးရွတ်ပြီး စိတ်သက်သာအောင် လုပ်ရတာပဲ” လို့ မိတ်ဆွေကြီးက စပ်ဖြဲဖြဲလေးနဲ့ဆိုတော့ ကျနော်လည်း စိတ်လိုလက်ရ ရယ်လိုက်မိတယ်။ ဒါပေမဲ့၊ ဇန်နဝါရီလကုန်အထိ မဲဆောက်မှာ ပွဲကြမ်းမယ်ဆိုတဲ့သတင်းက တက်လာပြန်တော့ မနက် ဖြန်ကို ဘယ်လိုမျက်လုံးမျိုးနဲ့ ဖွင့်ကြည့်ရမလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ရတော့တယ်။

လင်းဆက်ငြိမ်းချမ်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013