
SpaceX ကုမ္ပဏီရဲ့ ကာလကြာရှည် ရည်မှန်းချက်ဖြစ်တဲ့ မားစ်ဂြိုဟ်ပေါ် လူသားတွေ စေလွှတ်နိုင်ရေးကို ခဏထားကာ လကမ္ဘာပေါ် အခြေချ နေထိုင်ရေးအတွက် ဦးစားပေးသွားမယ်ဆိုပြီး ဖေဖော်ဝါရီ ၈ ရက်မှာ အတည်ပြုပါတယ်။
တောင်အာဖရိကနွယ်ဖွား ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ရဲ့ SpaceX အာကာသ ကုမ္ပဏီဟာ NASA ရဲ့ ကန်ထရိုက်တာအနေနဲ့ အကြီးအကျယ် အောင်မြင်နေခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း မတ်စ်ခ်ရဲ့ မားစ်ဂြိုဟ်ကို ကိုလိုနီပြုမဲ့ အစီအစဉ်တွေဟာ လက်တွေ့မကျဘဲ ရည်မှန်းချက် ကြီးလွန်းတယ်ဆိုပြီး လေ့လာသူတွေက ဝေဖန်ထားကြပါတယ်။
အဲဒီနောက် “သတိမထားမိသူတွေအတွက် ပြောရမယ်ဆိုရင် Space X ဟာ လပေါ်မှာ မိမိဘာသာ ဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်တဲ့ မြို့တခု တည်ဆောက်ဖို့ အာရုံပြောင်းလိုက်ပါပြီ။ ဘာလို့လဲဆိုတော့ ၁၀ နှစ်အတွင်း လကမ္ဘာစီမံကိန်း ဖြစ်လာနိုင်ပေမဲ့ မားစ်ဂြိုဟ်အတွက်တော့ နှစ် ၂၀ နဲ့အထက် ကြာမြင့်နိုင်တာကြောင့်ပါ” ဆိုပြီး X လူမှုကွန်ရက်ပေါ်မှာ ပို့စ်တင်ထားပါတယ်။
ဒါ့အပြင် အင်္ဂါဂြိုဟ် တဖြစ်လဲ သိထားကြတဲ့ မားစ်ဂြိုဟ်အထိ ရောက်ဖို့ဆိုရင် “ကမ္ဘာနဲ့တတန်းတည်းကျတဲ့ ၂၆ လမှာ တကြိမ်သာ သွားလို့ရပါတယ်။ လပေါ်ကိုကျတော့ ၁၀ ရက် တကြိမ်လောက် လွှတ်တင်နိုင်ပါတယ်” ဆိုပြီး မတ်စ်ခ်က ဖြည့်စွက်ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကလည်း အာကာသရေးရာ မူဝါဒနဲ့ ပတ်သက်ပြီး ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်တရပ်ကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါသေးတယ်။
ဒီအမိန့်အရ ၂၀၂၈ ခုနှစ် နောက်ဆုံးထားပြီး NASA ရဲ့ Artemis စီမံကိန်းနဲ့ အမေရိကန်တွေကို လကမ္ဘာပေါ် ရောက်စေချင်ကြောင်း ထရမ့်ပ်က ပြောဆိုထားတာပါ။
ဒါဟာ ထရမ့်ပ် ပထမသက်တမ်း မကုန်ဆုံးခင်တုန်းက အမေရိကန်အလံကို အင်္ဂါဂြိုဟ်ပေါ်မှာ စိုက်ထူချင်တယ်ဆိုတဲ့ ကြေညာချက်နဲ့ သွေဖည်လာခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့်ပဲ လကမ္ဘာစီမံကိန်းအတွက် ကန်ထရိုက်ကုမ္ပဏီဖြစ်တဲ့ SpaceX က အင်္ဂါဂြိုဟ်သွားမဲ့ အစီအစဉ်ကို လမ်းကြောင်းပြောင်းလိုက်တဲ့ ထရမ့်ပ်ရဲ့ သဘောထားနဲ့ပါ ထပ်တူကျစေခဲ့ပါတယ်။
ဒါပေမဲ့လည်း SpaceX ဟာ အင်္ဂါဂြိုဟ်စီမံကိန်းကို လက်လျှော့သွားမှာ မဟုတ်ဘူးလို့ မတ်စ်ခ်က ပြောပါတယ်။
“အင်္ဂါဂြိုဟ်ပေါ်မှာ မြို့တော်တခု တည်ဆောက်ဖို့ ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်တဲ့အပြင် ၅ နှစ်ကနေ ၇ နှစ်အတွင်း စပြီး အကောင်အထည်ဖော်သွားဖို့ ရှိတယ်” လို့ပါ အတည်ပြုသွားပါတယ်။


