
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က သူ့စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်စုစည်းတဲ့ အနေနဲ့ SpaceX နဲ့ xAI ကုမ္ပဏီတို့ကြား ပေါင်းစည်းသွားဖို့ ရှိနေပါတယ်။
SpaceX ကုမ္ပဏီဘက်က Grok Chatbot နဲ့ လူသိများတဲ့ xAI လုပ်ငန်းကို ဝယ်ယူမဲ့အကြောင်း အတည်ပြုထားပြီး အဲဒီသဘောတူညီချက်ပါ အချက်အလက်တွေတော့ အသေးစိတ် ဖော်ပြခဲ့ခြင်း မရှိပါဘူး။
ဒီပေါင်းစည်းမှုနဲ့ ပတ်သက်ပြီး မတ်စ်ခ်က AI နည်းပညာ၊ မီဒီယာ၊ ဒုံးပျံတွေနဲ့ အာကာသအခြေပြု အင်တာနက် စတဲ့ လုပ်ငန်းအားလုံးကို အမိုးတခုတည်းအောက် စုစည်းလိုက်ခြင်းအားဖြင့် “ဆန်းသစ်တီထွင်ရေး အင်ဂျင်ကြီးတခု” ပေါ်ပေါက်လာမယ်လို့ ဆိုထားပါတယ်။
SpaceX ကိုယ်တိုင်က ဒေါ်လာ ၁ ထရီလီယံလောက် တန်ကြေးရှိသလို xAI ကိုလည်း ဒေါ်လာ ၁၂၅ ဘီလီယံ စျေးသတ်မှတ်ထားတဲ့အလျောက် ကမ္ဘာ့တန်ဖိုးအကြီးဆုံး ပုဂ္ဂလိကပိုင်ကုမ္ပဏီ ဖြစ်လာနိုင်ပါတယ်။
လွန်ခဲ့တဲ့လကလည်း မတ်စ်ခ်ရဲ့ လျှပ်စစ်ကားထုတ်လုပ်ရာ Tesla ကုမ္ပဏီဟာ xAI လုပ်ငန်းကို ဒေါ်လာ ၂ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း ကြေညာထားပါတယ်။
ဒါ့အပြင် xAI ဟာ “သံစုံတီးဝိုင်းရဲ့ ဂီတမှူး” တယောက်လိုမျိုး Tesla စက်ရုံထဲက စက်ရုပ်တွေကို ထိန်းကျောင်းနိုင်တဲ့အထိ ရည်မှန်းထားတယ်ဆိုပြီး မတ်စ်ခ်က ရှယ်ယာရှင်တွေကို ပြောခဲ့ဖူးပါတယ်။
လက်ရှိ AI ကုမ္ပဏီတွေ ရင်ဆိုင်နေရတဲ့ စွမ်းအင်လိုအပ်ချက်အတွက် အာကာသထဲကနေ ဖြေရှင်းနည်းတခုကို ရလာလိမ့်မယ်လို့လည်း ယုံကြည်တဲ့အကြောင်း ဖြည့်စွက်ပြောပါတယ်။
“ရေရှည်မှာ AI လုပ်ငန်းတွေ ပိုပြီးချဲ့ထွင်နိုင်ဖို့အတွက် အာကာသထဲမှာတင် အခြေစိုက်တာမျိုးဟာ တခုတည်းသောနည်းလမ်း ဖြစ်တယ်ဆိုတာ သိသာထင်ရှားပါတယ်” ဆိုပြီး မတ်စ်ခ်က ရေးသာထားပါတယ်။
အရင်ကတုန်းက Twitter အဖြစ် လူသိများခဲ့တဲ့ X ကုမ္ပဏီရဲ့ တစိတ်တပိုင်းအနေနဲ့ xAI ကို စတင်ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း ၂၀၂၅ နွေဦးအရောက်မှာတော့ xAI ကို သီးခြားကုမ္ပဏီတခုအဖြစ် ဖွဲ့စည်းခဲ့တဲ့အလျောက် X လူမှုကွန်ရက်ထက်ပိုပြီး ရင်းနှီးမြှုပ်နှံသူတွေက တန်ဖိုးသတ်မှတ်ခဲ့ကြပါတယ်။
xAI ရဲ့ အဓိကထုတ်ကုန်ဟာ Grok ဖြစ်ပြီး အဲဒီ AI Chatbot ကနေ လိင်အသားပေးရုပ်ပုံတွေကို ဖန်တီးပေးခဲ့တာကြောင့် စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဒါကြောင့် Neuralink နဲ့ The Boring Company နှစ်ခုသာ မတ်စ်ခ်ရဲ့ အကြီးစား လုပ်ငန်းတွေအောက်မှာ မပေါင်းစည်းရသေးဘဲ ကျန်ရစ်နေပါတယ်။
Source: Reuters


