
Starlink အင်တာနက် ဝန်ဆောင်မှုရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ SpaceX က မြန်မာနိုင်ငံမှာရှိတဲ့ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေကလို့ သံသယရှိတဲ့ Starlink အလုံး ၂၅၀၀ ကျော်ကို ပိတ်လိုက်တယ်လို့ SpaceX ရဲ့ Starlink လုပ်ငန်းဌာန ဒုတိယဥက္ကဋ္ဌ လော်ရန်ဒရေယာက လူမှုကွန်ရက် X မှာ ဖော်ပြပါတယ်။
အမေရိကန် အောက်လွှတ်တော်က မြန်မာနိုင်ငံက ငွေလိမ်ဂိုဏ်းတွေနဲ့ Starlink ပတ်သက်မှုကို စုံစမ်းစစ်ဆေးနေချိန်မှာ အခုလို ပိတ်လိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်းတွေကို ထိုင်း-မြန်မာနယ်စပ်က စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်တဲ့ နေရာတွေမှာ အများစု လုပ်ကိုင်နေတာပါ။
အဲဒီ ထိုင်း-မြန်မာ နယ်စပ်က နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းခေါ် ကျားဖြန့်လုပ်ငန်းတွေမှာ သုံးတဲ့ အင်တာနက်လိုင်းတွေကို ထိုင်းဘက်က ဖြတ်လိုက်ပြီးနောက်ပိုင်းမှာ အဲဒီကျားဖြန့်လုပ်ငန်းတွေဟာ Starlink ကို ပြောင်းပြီး အသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။
တဖက်မှာလည်း စစ်အာဏာရှင်ကို တော်လှန်နေတဲ့ တော်လှန်ရေးတပ်တွေဟာ ဆက်သွယ်ရေးအတွက် စတားလင့် အင်တာနက်ကို မှီခိုနေကြရတာဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ တော်လှန်ရေးအဖွဲ့တချို့ သုံးတဲ့ Starlink တွေပါ မရတော့ဘူးလို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းတွေ ထွက်ခဲ့ပါတယ်။




