
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ တရားမဝင် လိုင်စင်မဲ့ယာဉ်တွေ ကင်းစင်ဖို့ ၃ လစီမံချက်နဲ့ ဖမ်းဆီးနေတာကြောင့် ဒေသခံပြည်သူတွေဟာ ဘက်ပေါင်းစုံကနေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့မိမြို့ဖတွေနဲ့ မြို့ခံတွေက ပြောပါတယ်။
ဘားအံမြို့မှာ နေပြည်တော်ရဲ့ ညွှန်ကြားချက်အရ ၃ လ စီမံချက်နဲ့ လိုင်စင်မဲ့ယာဉ်တွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးနေပါတယ်။
ကရင်ပြည်နယ်အတွင်းက ပြည်သူတွေဟာ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအတွက် လိုင်စင်မဲ့ယာဉ်တွေကို အားထား အသုံးပြုနေတာပါ။ ဒါ့အပြင် ထိုင်းနိုင်ငံထုတ် ကုန်စည်တွေပါ အဓိက မှီခို အသုံးပြုနေရတာပါ။
အခုလို ဖမ်းဆီးမှုတွေကြောင့် ပြည်သူတွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့မိမြို့ဖတယောက်က ပြောပါတယ်။
“ဖမ်းနေတယ်။ ဖမ်းပြီး အပြီးသိမ်းပဲ။ ဖမ်းဆီးကိစ္စက Pressure ပေးတာပေါ့။ အဲလိုဖြစ်နေတယ်။ သူက အုံနဲ့ကျင်းနဲ့ ဖမ်းတာ။ ယာဉ်ထိန်းသက်သက် ဖမ်းတာလည်းရှိတယ်၊ ယာဉ်ထိန်းကော တပ်ကကော စုပြီး ထွက်ဖမ်းတာရှိတယ်။ သူတို့က ပုန်းလျှိုးပြီး ဖမ်းတာမဟုတ်ဘူး။ လမ်းမပေါ် ကိုယ်မြင်ရင် ပြန်လှည့်ပေါ့။ ဝင်သွားရင် အထွက်မရှိဘူး။ ဖမ်းတဲ့အချိန်မှာ ကလန်ကဆန်လုပ်တာတို့ ဘာတို့ညာတို့ ဆိုရင်တော့ တခါတည်း လူရော ကားရော။ အခုက တရားမဝင် ကုန်စည်စီးဆင်းတာလည်း ဖမ်းတယ်။ အကုန်လုံးက ကျပ်တည်းနေကြတယ်။ စားဝတ်နေရေးကော ဘာကောညာကော အကုန်လုံးရှုပ်နေရော။”
အခုလို လိုင်စင်မဲ့ယာဉ်တွေ ဖမ်းဆီးရာမှာ ကျေးလက်နေပြည်သူတွေ ပိုမိုဖမ်းဆီးခံရပြီး သွားလာရာမှာလည်း ကုန်ကျစရိတ်တွေ များပြားလာတဲ့အတွက် ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတယောက်က “ကားဖမ်းတာ၊ ဆိုင်ကယ်ဖမ်းတာ မသိတော့ သူတို့လည်း ဈေးဝယ်ထွက်လာကြတာပေါ့။ မသိတော့ အဖမ်းခံထိကြတာ။ တယောက် တယောက် ပြောလို့ရှိရင် တချို့ကျတော့ သိလို့ရှိရင် ပြန်လှည့်တာပေါ့။ တချို့ကျလည်း မသိတော့ ပါသွားကြတယ်။ အခုလိုမျိုး လိုင်စင်မဲ့ယာဉ်တွေ ဖမ်းတဲ့အတွက် ပြည်သူတွေက ပိုပြီးတော့ ခက်ခဲတာပေါ့။ ပိုက်ဆံမရှိတဲ့သူတွေ ပိုအခက်အခဲဖြစ်တာပေါ့။ လိုင်စင်မဲ့ယာဉ်တွေ ဖမ်းတဲ့အတွက် ပိုပြီးတော့ ကုန်ကျစရိတ်တွေ ပိုများတယ်။ တက္ကစီတွေ ငှားသွားရတော့။ ကိုယ့်ဆိုင်ကယ်နဲ့ ကိုယ်ဆို အဲလောက်မကုန်ဘူးလေ။ ဆီ ၁ လီတာ ထည့်ထားလို့ရှိရင် သွားလို့ လာလို့ရတယ်လေ။ အခုက အဲလိုမျိုးပေးရတော့ ပြည်သူတွေ ပိုပြီးဒုက္ခရောက်တယ်” လို့ ပြောပါတယ်။
လက်ရှိမှာ ဘားအံမြို့မဈေးနဲ့ ဘားအံ-လှိုင်းဘွဲ လမ်းခွအထိ အိုးဝေ အသွားအပြန် ကျပ် ၁၅,၀၀၀၊ ဆိုင်ကယ်ကယ်ရီ အသွားအပြန် ကျပ် ၁၀,၀၀၀ ပေးပြီး ဒေသခံပြည်သူတွေဟာ ငှားရမ်း သွားလာနေရတာပါ။
ဒါ့အပြင် ဇန်နဝါရီ ၂၀ ရက်ကစပြီး ထိုင်းကုန်စည်တင်ယာဉ်တွေအပြင် သိုလှောင်တဲ့ နေအိမ်၊ ဂိုထောင်တွေအထိ စစ်တပ်၊ ရဲ၊ နယ်ခြားစောင့်တပ် (BGF)၊ အကောက်ခွန် ပူးပေါင်းအဖွဲ့တွေက လိုက်လံဖမ်းဆီးနေပါတယ်။
ဒါကြောင့် ဘားအံမြို့မှာ ထိုင်းကုန်စည်တွေအပြင် ဒေသထွက် စားသောက်ကုန်တွေပါ ပြတ်တောက်ပြီး ကုန်ဈေးနှုန်း မြင့်တက်နေပါတယ်။
အောင်ခန့်


