
ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ဇန်နဝါရီ ၂၀ ရက်ကစပြီး ထိုင်းကုန်စည်တွေနဲ့ တရားမဝင် လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေက လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေနဲ့ မြို့မိမြို့ဖတွေက ပြောပါတယ်။
ထိုင်းကုန်စည်တွေ သိုလှောင်ထားတဲ့ ဂိုထောင်တွေ၊ နေအိမ်တွေအထိ စစ်တပ်၊ ရဲ၊ ကရင်နယ်ခြားစောင့်တပ် (BGF)၊ အကောက်ခွန် ပူးပေါင်းအဖွဲ့တွေက လိုက်လံဖမ်းဆီးခဲ့တာပါ။
ဒါ့အပြင် ဘားအံ-လှိုင်းဘွဲ လမ်းခွအနီးမှာ တရားမဝင် လိုင်းမဲ့ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကို စစ်ဆေး ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။
မြို့မိမြို့ဖတယောက်က “တရားမဝင်ပစ္စည်းတွေတော့ လက်ကုန်ပဲ ဖမ်းတာ။ မနေ့ကတော့ မြိုင်သဇင်မှာ နည်းတာမဟုတ်ဘူး၊ ဖမ်းသွားတာ။ အိမ်ပေါ်မှာ တက်သိမ်းတာ။ သိမ်းတာပေါ့။ ဂိုထောင်တွေ၊ အိမ်တွေကအစ ယိုးဒယားပစ္စည်းတွေ များလာရင်တော့ မရဘူး၊ ဖမ်းတယ်” လို့ ပြောပါတယ်။
လက်ရှိမှာလည်း ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ယာဉ်ကြီး၊ ယာဉ်ငယ်တွေကို ရှောင်တခင် လှည့်လည်ဖမ်းဆီးနေတယ်လို့ ဆိုပါတယ်။
မျက်မြင်တွေ့ရှိခဲ့တဲ့ မြို့ခံတယောက်က “မနေ့ကစပြီး ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးပြီး ဖမ်းဆီးနေတာ။ အဓိက က လှိုင်းဘွဲဘက်က ဝင်လာတဲ့ ယာဉ်တွေ အကုန်စစ်တာ။ လိုင်စင်မပါရင် တခါတည်း သိမ်းလိုက်တယ်။ လူတွေကိုတော့ ဘာဆက်လုပ်လဲဆိုတာ မသိဘူး။ ဖမ်းခံထားရတဲ့ ဆိုင်ကယ်တွေတော့ များတယ်” လို့ ပြောပါတယ်။
၂၀၂၅ ခုနှစ် ဩဂုတ် ၁၈ ရက်ကစပြီး မြန်မာ-ထိုင်းနယ်စပ် အမှတ် ၂ တံတားကို စစ်ကောင်စီက ပိတ်လိုက်ပြီးနောက် ထိုင်းကုန်စည်တင်ယာဉ်တွေ၊ ဂိုထောင်တွေနဲ့ လိုင်စင်မဲ့ယာဉ်တွေကိုပါ မကြာခဏ ဖမ်းဆီးနေတာလို့ သိရပါတယ်။
အောင်ခန့်


