
မီဒီယာပလက်ဖောင်းတွေပေါ် တက်လာတဲ့ တရုတ်သတင်းတွေကို စုစည်း ဆက်စပ်ကြည့်ကြပြီး ဒါဟာ အာဏာသိမ်းပွဲတရပ်ဖြစ်ကြောင်း အများက အဓိပ္ပာယ်ဖွင့်ကြတယ်။
ကမ္ဘာမှာ အာဏာသိမ်းတယ်ဆိုတာ ဒီနေ့ထိတိုင် ရိုးရာတရပ်ပမာ ဖြစ်နေသေးတာကြောင့် အဆန်း တကြယ်ကိစ္စမဟုတ်ပေမဲ့ ဒီနေ့ တရုတ်ပြဿနာကို အာဏာသိမ်းပွဲလို့ ဖွင့်ဆိုခဲ့ရင် သမားရိုးကျ အာဏာသိမ်းပွဲတွေနဲ့ ပြောင်းပြန် နိုင်ငံ့ခေါင်းဆောင်တဦးက စစ်တပ်ကို အာဏာပြန်သိမ်းခြင်းဖြစ်လို့ ကမ္ဘာမှာ ရှာမှရှားတဲ့ အာဏာသိမ်းပွဲလို့ ဆိုရပါမယ်။
တရုတ်နိုင်ငံတော်သမ္မတကြီးလည်းဖြစ်၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌနဲ့ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးလည်းဖြစ်ပြီး ကမ္ဘာ့ထိပ်သီး အာဏာရှင်ကြီးလည်းဖြစ်တဲ့ ရှီကျင့်ဖျင်က တရုတ်စစ်တပ် PLA ကိုလည်း ခြွင်းချက်မရှိ လက်ဝါးကြီးအုပ်ချင်တာကြောင့် တရုတ်စစ်တပ်ရဲ့ ရာထူးအကြီးဆုံးပုဂ္ဂိုလ်၊ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီး ကျန်းယုံရှားနဲ့ PLA ထိပ်တန်းဗိုလ်ချုပ် လျိုကျန်းလီတို့ကို ဇန်နဝါရီ ၂၄ ရက်က အပြတ်ရှင်းပစ်လိုက်တာလို့ အများက ယုံကြည်ကြတယ်။ ရှီရဲ့ မူအတိုင်း ရှင်းချင်ရင် ခေါင်းစဉ်တပ်မြဲ အဂတိလိုက်စားမှု၊ စည်းကမ်းဖောက်ဖျက်မှု စသဖြင့်။
မသေမချင်း သမ္မတကြီးလုပ်ချင်တဲ့ ရှီကျင့်ဖျင်က တရုတ်ထိပ်သီးတွေရဲ့ကြား လအတန်ကြာ အားပြိုင်နေတဲ့ပွဲကို ရဲရဲတင်းတင်း ချွန်းဖွင့်တိုက်လိုက်တာလည်း ဖြစ်တယ်။ မျက်မြင်သတင်းက ဗိုလ်ချုပ်ကြီး၂ ယောက်ကို ရှီကျင့်ဖျင် ပွဲသိမ်းပစ်လိုက်ပြီလို့ ဆိုရပါမယ်။
လေဟာနယ်အကြားအလပ်မရှိ သံမဏိကွန်ချာ အထပ်ထပ်ကာထားတဲ့ ဘေဂျင်းပြည်သူ့ ခန်းမဆောင်ကြီးထဲ ဟုန်းဟုန်းတောက်နေတဲ့ သတင်းတွေက အစင်းရာလေးမျှပင် ပေါက်ထွက်ရိုး ထုံးစံမရှိတာကြောင့် ဘယ်သူက ဘယ်သူ့ကို ပွဲသိမ်းလိုက်သလဲဆိုတာနဲ့ နောက်ဆက်တွဲ အလားအလာ ခန့်မှန်းချက်တွေနဲ့ ထင်မြင်ချက်တွေသာ အွန်လိုင်းစာမျက်နှာပေါ် ဗွက်ထလို့ နေတယ်။
၂၀၁၃ ခုနှစ်မှာ ရှီကျင့်ဖျင် သမ္မတသက်တမ်း စတင်တယ်။ ၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံ ဖွဲ့စည်းပုံပြဋ္ဌာန်းချက် သမ္မတသက်တမ်း ၂ ကြိမ် ကန့်သတ်ချက်ကို ဖယ်ရှားကာ အကြွင်းမဲ့ အာဏာရှင်ရှီကျင့်ဖျင် တခေတ်ကို ထူထောင်ဖို့ ခတ်ကွင်းပြင်ခဲ့တယ်။ ပါတီရဲဘော်ဟောင်းကြီးတွေရဲ့ ဆန့်ကျင်ခြင်းခံရတယ်လို့လည်း သတင်းထွက်ပေါ်ခဲ့တယ်။ ၂၀၂၂ ခုနှစ် ကွန်မြူနစ်ပါတီ ညီလာခံမတိုင်မီ ပြည်ပကနေ ပြန်လာတဲ့ ရှီကျင့်ဖျင် ဖမ်းဆီးခြင်းခံရတယ်လို့တောင် ကောလာဟလ ဖြစ်ခဲ့ပေမဲ့ ပါတီညီလာခံကျင်းပနေစဉ် သမ္မတဟောင်း ဟူကျင်းတောင်သာ အစောင့် ၂ ယောက်က ခေါ်ထုတ်သွားတဲ့ မှတ်တမ်းဓာတ်ပုံနဲ့ ရုပ်သံ ထွက်ပေါ်လာခဲ့တယ်။ တရုတ် ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်းချက်အမျိုးမျိုးလည်း တာပြိုသလို ထွက်လာခဲ့ပေမဲ့ ဒီနေ့ထိတိုင် အဖြေညှိမရတဲ့ ပဟေဠိဖြစ်နေဆဲ။
စုပေါင်းဦးဆောင်မှုစနစ်ကိုလည်း သမ္မတရှီ ထပ်ငြင်းကာ မော်စီတုံးအလွန် တရုတ်နိုင်ငံ၏ အထွတ်အထိပ်အာဏာပိုင် ခေါင်းဆောင်ကြီးအဖြစ် တရုတ်အိပ်မက်ကို မြဲမြဲဆုပ်ပြီး ရှေ့သို့ဆက်ချီတယ်။ အတင်းကျပ်ဆုံး ကိုဗစ်ပေါ်လစီကြောင့် ပေါက်ကွဲထွက်လာတဲ့ တရုတ်လူထုရဲ့ ဆန္ဒပြပွဲတွေ၊ စီးပွားရေးကျဆင်းမှုတွေက ရှီကျင့်ဖျင် အာဏာကို ဆွဲခါနေပြီဆိုတဲ့ မှန်းဆချက်တွေ အားကောင်းခဲ့ပေမဲ့ ၂၀၂၃ ခုနှစ်မှာ တတိယမြောက် သမ္မတသက်တမ်းကို ရအောင်ယူပြခဲ့တယ်။
တတိယမြောက် အာဏာသက်တမ်းတိုးအပြီး ဘေဂျင်းပြည်သူ့ခန်းမဆောင်ကြီးထဲ ရှီကျင့်ဖျင် ဆန့်ကျင်ရေးအုပ်စု အားကောင်းလာတယ်ဆိုတဲ့ အတည်ပြုလို့မရတဲ့ သတင်းလည်း ထွက်ပေါ်ခဲ့ပြန်တယ်။ ဒါပေမဲ့၊ ၂၀၂၅ ခုနှစ်၊ ဇွန် ဆင်ဟွာသတင်းရဲ့ဖော်ပြချက်က ဗဟိုဦးစီးစနစ်ကို ပြန်လည်ကျင့်သုံးဖို့ ပေါ်လစ်ဗျူရို အစည်းအဝေးက အတည်ပြုခဲ့တယ်လို့ ဆိုတာကြောင့် ရှီကျင့်ဖျင်ရဲ့ ဇလုတ်ကြီးတင်းနေတဲ့ အာဏာလည်မျို အညှစ်ခံနေရတာ ခိုင်မာလာတယ်။
၂၀၂၅၊ ဇူလိုင်၊ ဘရာဇီးနိုင်ငံမှာ ကျင်းပတဲ့ BRICS ညီလာခံကို သမ္မတရှီ မတက်ရောက်ခြင်းက ထိပ်သီးတွေရဲ့ကြား ပြင်းထန်တဲ့ ပဋိပက္ခတွေကြောင့် ဘေဂျင်းကနေ မခွာနိုင်ဖြစ်နေရပြီဆိုတဲ့ မှန်းဆချက်တွေ ထွက်ပေါ်ခဲ့သေးတယ်။ တရုတ်အစိုးရပိုင်မီဒီယာ ဆင်ဟွာသတင်းဖော်ပြချက်အပြီး မှန်းဆချက် အများစုက ရှီကျင့်ဖျင် အာဏာ တဖြည်းဖြည်း လျှောကျလာပြီလို့ ဆိုကြပေမဲ့ လတ်တလောမျက်မြင်က ရှီကျင့်ဖျင်အာဏာ ပိုမိုခိုင်မာလာသလားလို့ ထင်မယ်ဆိုလည်း ထင်ချင်စရာ။ ဒါပေမဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလလယ်ပိုင်း၊ တရုတ်ဗဟိုစစ်ကော်မရှင် ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဟယ်ဝေတုန်း အပါအဝင် ထိပ်တန်းစစ်ဘက်အရာရှိကြီး ၉ ဦးကို ဖြုတ်ခဲ့စဉ်က ထုံးစံမပျက် ဂယက်အနည်းငယ် ထပွက်ရုံသာ ရှိခဲ့ပြီး အခု ဗိုလ်ချုပ်ကြီး ကျန်းယုံရှားနဲ့ PLA ထိပ်တန်းဗိုလ်ချုပ် လျိုကျန်းလီတို့ကို ဖြုတ်ပြီးနောက် အတည်မပြုနိုင်တဲ့ သတင်းအမျိုးမျိုးထွက်ပေါ်နေခြင်းက သာမန်ထပွက်ရုံဂယက် မဟုတ်ဘဲ လှိုင်းကြီးလေထန် မုန်တိုင်းဆန်နေကြောင်း ဖော်ပြနေတယ်။
တရုတ်စစ်တပ်သတင်းစာ PLA Daily ရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် အယ်ဒီတာ့အာဘော်က အကျင့်ပျက် ဗိုလ်ချုပ်ကြီးတွေကို စည်းကမ်းပိုင်းဆိုင်ရာ အရေးယူမှုတွေ လုပ်ဆောင်တာဟာ PLA ကို ဆုတ်ယုတ်စေမှာမဟုတ်ဘဲ အနှောင့်အယှက်တွေကို ရှင်းလင်းတာသာ ဖြစ်တယ်ဆိုတဲ့ အရေးအသားကလည်း တရုတ်စစ်တပ်တွင်း ပေါက်ကွဲဆပြင်းနေတာကြောင့် ဖျောင်းဖျ လိုက်တာလားလို့ မေးခွန်းထုတ်ရပါမယ်။
လတ်တလော အတည်မပြုနိုင်တဲ့ သတင်းတွေထဲမှာတော့ ဘေဂျင်းသို့ ချီလာတဲ့ စစ်ကားဓာတ်ပုံတွေ၊ အဝေးပြေးလမ်းမ ပိတ်လိုက်တာတွေ၊ တရုတ်စစ်တပ်တွင်း ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှုတွေကို ခပ်စိပ်စိပ် တွေ့ရတယ်။ တဆက်တည်းမှာပဲ ဗိုလ်ချုပ်ကြီး ကျန်းယုံရှား အဖမ်းမခံရခင်ကတည်းက ကြိုတင်ရေးသားခဲ့တယ် ဆိုတဲ့ စာတစောင်လည်း အချိန်ကိုက် ထွက်ပေါ်လာပြန်တယ်။ အဲဒီစာထဲမှာ ထိုင်ဝမ်အရေး ကျန်းနဲ့ ရှီ သဘောကွဲလွဲမှု၊ ၂၀၂၇ ခုနှစ်မှာ အတူအနားယူကြဖို့ တိုက်တွန်းချက် စတာတွေ။ အဲဒီစာကို ဗိုလ်ချုပ်ကြီး ကျန်းယုံရှား ကိုယ်တိုင် ရေးသားထားတာ မဟုတ်ဘူးဆိုတဲ့ အပြောအဆိုတွေ များပေမဲ့ အဲဒီစာက ဗိုလ်ချုပ်ကြီး ကျန်းယုံရှားအပေါ် စာနာထောက်ခံစိတ် တိုးပွားလာစေသလို ရှီကျင့်ဖျင်အပေါ် မုန်းတီးစိတ် ပိုမိုကြီးထွားသွားစေတာ အသေအချာပါပဲ။
တရုတ်နိုင်ငံသား အပေါင်းအသင်းတွေရှိတဲ့ မိတ်ဆွေတဦးက “သူတို့တရုတ်တွေကိုယ်တိုင် ဒါကို အာဏာသိမ်းတာလို့ ပြောကြတယ်။ အခုအချိန်ထိ ကျန်းယုံရှားက လွတ်မြောက်နေပြီး တိုင်းပြည် ပရမ်းပတာဖြစ်သွားမှာစိုးလို့ သူ့ကို ထောက်ခံတဲ့စစ်တပ်ကို ဘာမှမလုပ်ခိုင်းဘဲ ငြိမ်နေတာဆိုတဲ့ ကောလာဟလတွေလည်း ထွက်နေတယ်” လို့ ဆိုတယ်။
ပြီးတော့ တရုတ်ပြည်သူတွေကိုယ်တိုင်က ဘာဖြစ်လို့ ဖြစ်နေမှန်း တိတိပပ မသိ။ ကျွမ်းထိုးမှောက်ခုံ တစုံတရာဖြစ်လာမလား တထိတ်ထိတ်။ တိုင်းပြည်ကောင်းဖို့ ရှီကျင့်ဖျင် အနားယူသင့်ပြီ ဆိုတဲ့အမြင်လည်း တရုတ်ပြည်သူတွေကြား နက်ရှိုင်းနေကြပြီဖြစ်ပေမဲ့ ဓားထက်တဲ့ရှီကို ပေါ်လစ်ဗျူရိုတွေတောင် ကြောက်နေရတဲ့အခြေမို့ ပြည်သူတွေလည်း ငြိမ်ဝပ်ပိပြား မျက်လွှာချ တိုးတိုးတိတ်တိတ်မျှ။
ပြောရရင် မော်စီတုန်းအလွန်ကာလ ရှီကျင့်ဖျင်တခေတ် ထူထောင်ချိန်မှာ အင်အားကြီးသူက အညှာအတာကင်းမဲ့စွာ ရှင်းပစ်ခြင်းဆိုတဲ့ တောရိုင်းဥပဒေဟာ တရုတ်အာဏာဗဟိုချက် ဘေဂျင်းပြည်သူ့ခန်းမဆောင်ထဲ ဓားလွတ်ကိုင် ရမ်းကားနေတာ အထင်အရှားမြင်နေရတာမို့ တရုတ်ပြည်သူတွေလည်း ကြောက်ကြရတယ်လို့ ဆိုတယ်။
ဒါပေမဲ့ တရုတ်အစိုးရအာဘော် ဂလိုဗယ်တိုင်းမ်သတင်းစာရဲ့ နိုင်ငံတကာပြည်သူတွေဆီ ကောက်ခံ ထားတဲ့ ၂၀၂၅ စစ်တမ်းကတော့ အခုလို တောရိုင်းဥပဒေ တောထနေတဲ့ တရုတ်နိုင်ငံကို အမေရိကန်ထက် ပိုသဘောကျကြတယ်လို့ ဆိုကြောင်း ဇန်နဝါရီလထဲမှာပဲ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားတာ အမှတ်ရ၊ မြန်မာပြည်သူတွေ ဟားတိုက်ကြတယ်။
ရှီကျင့်ဖျင်ဟာ သူ့ရဲ့တောရိုင်းဥပဒေကို ပြည်သူ့ခန်းမဆောင်ကြီးထဲတင်မက၊ ကမ္ဘာပတ်ရမ်းနေတာလည်း အားလုံးမျက်မြင်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေအပေါ် တရုတ် ဖြစ်စေချင်သလို ဖြစ်ဖို့ အင်အားပြခြိမ်းခြောက် ဗိုလ်ကျစိုးမိုးနေတာဟာ မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်ပြဿနာမှာ ဘာနဲ့မှ ဖုံးဖိလို့မရအောင် ထင်ထင်ရှားရှား။
ဒါပေမဲ့ ဂလိုဗယ်တိုင်းမ်ရဲ့ စစ်တမ်းထဲမှာတော့ တရုတ်နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ် ကောင်းတယ်လို့ စစ်တမ်းဖြေ၊ နိုင်ငံတကာပြည်သူအများစုက ရှုမြင်ကြကြောင်း ဇန်နဝါရီ ၂၃ ရက် တရုတ်သံရုံး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် အတည်ပေါက် ထပ်ဖော်ပြထားပြန်လေတော့ မြန်မာပြည်သူတွေ အမျက်ကြီးရတယ်။
လတ်တလော ဘေဂျင်းပြည်သူ့ခန်းမဆောင်ထဲက အားကုန်ညှစ် လွန်ဆွန်ပွဲဟာ ပွဲမပြီးသေးတာကြောင့် ဘယ်လိုတွေ ဆက်ဖြစ်ဦးမလဲဆိုတာ စောင့်ကြည့်ရဦးမယ်ဆိုပေမဲ့ ရှီကျင့်ဖျင် ပြုတ်ကျသွားလည်း တရုတ်ကွန်မြူနစ်ပါတီကသာ တရုတ်ပြည်ကို ဆက်လက်မောင်းနှင်မှာ သေချာပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ရှီကျင့်ဖျင်အပေါ် အမုန်းစိတ်ကြီးမှုထဲမှာ မြန်မာပြည်သူတွေကလည်း ထိပ်ဆုံးက ပါဝင်နေတယ်။
ထွန်းလင်း


